၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး
by -
မဇ္စျိမ

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရန်အတွက် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ရန်လို အပ်ကြောင်း ယနေ့ စတင်ကျင်းပနေသည့် ရှမ်းနှင့် ကယားပြည်နယ်ရှိ လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ညီလာခံတွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြောသည်။

'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ' တွင် အဖွဲ့အစည်းပေါင်း အနည်းဆုံး ရ ဖွဲ့ခန့်
ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင် စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

“အားလုံးဆွေးနွေးတာက ဖွွဲ့စည်းပုံ ဥပဒေကို မဖြစ်မနေပြင်ဖို့ ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်ရေး လမ်းစပေါ်
နေတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်နိုင်ဖို့ လမ်းစပေါ်နေတယ်လို့ ဒါက ကောင်းတဲ့အချက်လို့ ကျနော် သုံးသပ်လို့ ရပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူများအကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း ဦးခွန်ထွန်းဦး က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဖွဲ့စည်းပုံဥပဒေရဲ့ မှားယွင်းချက်ကြောင့် တိုင်းရင်းသား အချင်းချင်းကြား မညီမညွတ်ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပေါ်တယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ ဆိုရင် တိုင်းရင်းသား အချင်းချင်းကြားမှာရော၊ တိုင်းရင်းသားနဲ့ အစိုးရကြားမှာ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ ဒါမှ အားလုံးမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ် ရေးအတွက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ရေးဆွဲပြီးတော့မှ ရှေ့ဆက်လှမ်းနိုင်မယ်” ဟု ပြောပြသည်။

လားရှိုးမြို့တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ လူဦးရေ စုစုပေါင်း ၁၈၄ ဦး တက်ရောက်နေပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဦးခွန်ထွန်းဦး အပြင် ဝန်ကြီးဦးအောင်မင်း၊ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား SSPP မှ ဗိုလ်ချုပ်ဆေထင်က အဖွင့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြံုတွေ့နိုင်သော်လည်း တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင်ပူးပေါင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယနေ့ ညီလာခံသို့ လေ့လာသူများအဖြစ် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အင်္ဂလန်၊ အမေရိကန်၊ အင်ဒိုနီးရှာ၊ ဘရူနိုင်း သံရုံးများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လားဟူ၊ ကိုးကန့်၊ ရှမ်း၊ ဝ၊ တအောင်း(ပလောင်)၊ ဓနု၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကရင်နီ စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖိတ်ခေါ်ခဲ့ရာမှ ၂၁ ဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ မြို့နယ်အဆင့် ကိုယ်စားလှယ်သာ တက်ရောက်ခဲ့ပြီး ဝ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

PNLO မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ရှိနေသဖြင့် ထိုညီလာခံသို့ တက်ရောက်လာခြင်း မရှိကြောင်း အဖွဲ့မှ ဥက္ကဋ္ဌ နိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကို ပြောဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော KNPP ပါတီကမူ ထိုညီလာခံ၏ ရည်မှန်းချက် အသေးစိတ်မသိရ သဖြင့် တက်ရောက်ခြင်း မရှိကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး(၁) ခူဦးရယ် က ပြောသည်။

“တကယ်တန်း ညီလာခံရဲ့ ရည်ရွယ်ချက်၊ ဘယ်ပုံစံနဲ့ သွားကြမယ်။ ဘယ်လို ရှိတယ်ဆိုတာ ကျနော်တို့ အဆက်အစပ် မရှိဘူး။ နောက်ပြီး သူတို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ပြောပါတယ်။ သို့သော် ဘယ်လိုသွားမယ်ဆိုတာ အသေးစိတ် မသိတဲ့ အခါကျတော့ မသေချာ မရေရာဘဲ၊ တစုံတရာ ဂဃနဏ မသိဘဲ ကျနော်တို့ သွားတာမျိုး မဖြစ်သင့်ဘူးဆိုပြီး မတက်တာပါ” ဟု မဇ္စျိမကို ရှင်းပြသည်။

အစိုးရထဲမှ ဝန်ကြီး ဦးအောင်မင်း အပြင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ အပြင် ငြိမ်းချမ်းရေး စင်တာမှ အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း တက်ရောက်ကြသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ပထမဆုံး ညီလာခံတရပ်ကို ရန်ကုန်မြို့တွင် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ယခုတကြိမ် ညီလာခံသည် ဒုတိယအကြိမ် ကျင်းပနေခြင်း ဖြစ်ပြီး ကယား အဖွဲ့အစည်းများပါ ဖိတ်ခေါ်ကျင်းပခြင်း ဖြစ်သည်။

ပထမ ညီလာခံ ပြီးနောက် ဒီဇင်ဘာလအတွင်း SNLD ပါတီ အဖွဲ့ဝင်များ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့
လေ့လာရေးခရီးစဉ် သွားရောက်စဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယား ပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်များ ထပ်တူ ခံစားနေရသည်ကို တွေ့ရှိရ၍ ယခုကဲ့သို့ ပူးပေါင်းညီလာခံကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးစိုင်းလိတ်က မဇ္စျိမကို မကြာမီက ပြောဆိုခဲ့သည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် ကြာသပတေးနေ့တွင် ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ မှ ဒေါက်တာမင်းဇော်ဦးတို့ ဆွေးနွေးကြမည် ဖြစ်သည်။

Most read this week