စစ်မှန်သော ငြိမ်းချမ်းမှု တည်ဆောက်ရေး အပေါ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၌ မှီတင်း နေထိုင်ကြသော တိုင်းရင်း သားများ၏ သဘောထား အမြင်များ ရယူရန် ဒုတိယ အကြိမ် ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ကရင်နီ တိုးတက်ရေး ပါတီ (KNPP) မှ တက်ရောက် နိုင််ခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဦးရယ်က ဆိုသည်။
“ဖိတ်ထားတာတော့ ရှိပါတယ်။ ဖိတ်စာထဲမှာက ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး အမြင်တွေတင်ပြဖို့ ပြောထားပါတယ်။ ဒါပေမယ့် နားမလည်တာက ရှမ်းပြည်နယ် ကိစ္စလား၊ ကယားပြည်နယ် ကိစ္စလား ရောနေတော့ ဘာပြောရမှန်း မသိလို့ မတက်ဖြစ်တာပါ။ မတက်ချင်လို့တော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
အစည်းအဝေးကို ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ လားရှိုး ဟိုတယ်၌ ယနေ့ မနက် (၉) နာရီက စတင် ဖွင့်လှစ်ခဲ့ပြီး (၃) ရက်တာ ကျင်းပမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ ပြည်နယ်အတွင်း ငြိမ်းချမ်းမှု ရရှိရေးနှင့်၊ ဖွံ့ဖြိုး တိုးတက်စေရေး အပါအဝင် တန်းတူ ညီမျှသည့် ပြည်ထောင်စုကြီး ဖွဲ့စည်းသည့် အခါတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ နိုင်ငံရေး အင်အားစုများမှ မည်သို့သောကဏ္ဍမှ ပါဝင် သွားကြမည်ကို စုပေါင်း အဖြေရှာကြမည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဦးစိုင်းညွန့် လွင်က ဆိုသည်။
ယနေ့ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ တိုင်းရင်းသား အဖွဲ့ပေါင်း (၂၁)ဖွဲ့ တက်ရောက်ကြောင်း သိရပြီး အထူးသဖြင့် ရှမ်း၊ လားဟူ၊ ပအို့ဝ်၊ မိုင်းလား၊ ပလောင်၊ ၀၊ ကယားနှင့် ကယန်း လူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်းများ တက်ရောက်သည်။
၄င်းတို့မှာ (DNDP, INDP, KDUP, KNG, KNLP, KNPD, KNPLF, KNSO, LNDP, NDAA, RCSS/ SSA, SNDP, SSKDP, SSNPLO, SSPP/SSA, TNP, UWSP/UWSA, WNUP, PNO အဖွဲ့တို့ဖြစ်သည်။
အလားတူ မြန်မာအစိုးရဖက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့် ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက်ကြောင်း သိရသည်။
ယခု ဒုတိယ အကြိမ် ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ SNLD က ဦးဆောင် ကမကထ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ တိုင်းရင်းသား အဖွဲ့ပေါင်း (၂၅)ဖွဲ့အား ဖိတ်ကြားထားရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၃) ဖွဲ့နှင့် နိုင်ငံရေးပါတီ (၁၂) ဖွဲ့တို့ပါ၀င်သည်။
ပထမ အကြိမ် ဆွေးနွေးပွဲကိုမူ ၂၀၁၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့ရှိ အစိုးရ၏ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပခဲ့ပြီး ရှမ်းမျိုးနွယ်စုများအကြား ယုံကြည်မှု တည်ဆောက်ရေးကို ဆွေးနွေး ခဲ့ကြသည်။
လူမျိုးပေါင်းစုံ နေထိုင်သော ရှမ်းပြည်နယ်ကြီးအား စည်းလုံးညီ ညွတ်ပြီး အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေထိုင် သွားနိုင်ရန်နှင့် ရှမ်းပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို ဖေါ်ထုတ်လိုသော ရည်ရွယ်ချက်ဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ယနေ့ အစည်းအဝေးကို ကမကထ ပြုလုပ်ခြင်း ဖြစ်သည်။