PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ
by -
ရွှေဟင်္သာ

ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့တို့ လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း PNLO အဖွဲ့ ဥက္ကဌဖြစ်သူ ခွန်ဥက္ကာက ဆိုသည်။

PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့ ပြည်ထောင်စု အဆင့် တွေ့ဆုံရန်ရှိ
“မနေ့က ဦးအောင်မင်း ဖိတ်စာ ပို့လာတယ်။ လာမယ့် မတ်လ (၂၂/၂၃) ရက်နေ့မှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြောလာတယ်။ ကျနော်တို့ ဘက်ကလည်း သွားတွေ့မယ်လို့ အကြောင်းပြန် ထားတာ ရှိပါတယ်။” ဟု ဆိုသည်။

တင်ပြ ဆွေးနွေးကြမည့် အချက်များကို ထုတ်ဖော် ပြောကြား၍ မရသေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့စဉ်က တင်ပြချက် (၆) ချက်အပေါ် ဆက်လက် ဆွေးနွေး သွားဖွယ် ရှိကြောင်း PNLO ဖက်က ဆိုသည်။

ထိုစဉ်က PNLO ဘက်မှ တင်ပြခဲ့သည့် ၆ ချက်မှာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေးရုံး ဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ အပစ်ရပ် ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန်၊ မူးယစ်ဆေးဝါး ပြဿနာအား အစိုးရနှင့် လက်တွဲ၍ ဖြေရှင်းသွားရန် မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်သည်။

ပအိုဝ့် PNLO နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ထိုင်းနိုင်ငံ၌ အလွတ်သဘော (၃) ကြိမ် တွေ့ဆုံ ဆွေးနွေး စဉ်က တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော တွေ့ ဆုံပွဲမျိုး ပြုလုပ်ပေးရေး အပါအဝင် စုစုပေါင်း အချက် ၁၁ ချက်ကို PNLO ဘက်က တောင်းဆို ခဲ့သည်။

သို့သော် ငြိမ်းအဖွဲ့ ၀န်ကြီး ဦးအောင်မင်းဘက်ကမူ အပစ်အခတ် ရပ်စဲရေးသည် ပထမ၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး လုပ်ငန်းသည် ဒုတိယနှင့် တတိယ အဆင့်အနေဖြင့် ရေရှည်နိုင်ငံရေး အတွက် လွှတ်တော်ထဲ၌ ဝင်ရောက် လုပ်ဆောင် သွားကြရန် အဆင့် (၃) ဆင့်ပါသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အား ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဇွန်လ (၂၇) ရက်နေ့ တတိယအကြိမ် ထိုင်းနိုင်ငံ တွေ့ဆုံပွဲ၌ PNLO ဘက်မှ တင်ပြချက် (၆) ချက်အား အစိုးရဘက်က လက်ခံခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေးကို မူအရ သဘောတူခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် လ (၂၅) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ် အဆင့် ပဏာမ တွေ့ဆုံပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။  

ယင်းတွေ့ဆုံပွဲမှ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲများကို နောက် (၃) လအတွင်း ဆက်လက် ကျင်းပ သွားကြရန် နှစ်ဖက် သဘောတူခဲ့သော်လည်း လက်တွေ့တွင် (၆) လခန့် ကြာမြှင့်ခဲ့ပြီး လာမည့်မတ်လ (၂၂) ရက်နေ့တွင် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ပြောဆိုသည်။