RCSS စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်

RCSS စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်အတွင်း လွယ်နဂါးတောင်ကြောရှိ RCSS/SSA ၏ လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရစစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောသည်။

စခန်းတခုမှ သျှမ်းပြည်တပ်မတော်တပ်သားများ (jamesrobertfuller.photoshelter.com)

“၁၅ နဲ့ ၁၆ ရက်နေ့ ၂ ရက်စလုံး ပစ်တယ်။ ၁၂၀ မမ၊ ၁၀၅ မမ တွေနဲ့ ပစ်တယ်။ ကျနော်တို့ စခန်းဟောင်း ဆီကိုပစ်တာ။ အဲဒီစခန်းကနေ ကျနော်တို့ အရင်အပတ်ကတည်းက ခွါလိုက်တာလေ။ ကျနော်တို့ဘက်ကတော့ ပြန်မပစ်ခတ်ပါဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦးကပြောသည်။

မြန်မာစစ်တပ် စကခ ၂ လက်အောက်ခံ မိုင်းနောင်၊ ကျေးသီး အခြေစိုက် ခလရ ၂၈၆၊ ၂၈၇၊ ၁၃၂ တို့မှ တပ်ရင်း များက ဟိုမိန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၏ တပ်စခန်းများအား လိုက်လံတိုက် ခိုက်နေကြောင်း၊ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ လွယ်လန်းတပ်စခန်းမှ ဆုတ်ခွါရန် ရလခ တိုင်းရုံးက ညွှန်ကြားလာကြောင်း၊ သို့သော် သျှမ်းပြည်တပ်မတော်က မတ်လ ၁၁ ရက်နေ့မှ ဆုတ်ခွါသဖြင့် မြန်မာစစ်တပ်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိကပြောသည်။

“လူမရှိတော့တဲ့ စခန်းအလွတ်ကို ၂ ကြာတိုက်ခိုက်တယ်။ ကျနော့်အမြင်ကတော့ - အထက်က တိုက်ဖို့ အမိန့် ချလာလို့ လုံးဝစစ်ဆင်တိုက်ခိုက်ရတယ်။ ဒါမှ မဟုတ် ကျနော်တို့ တပ်စခန်းကို သူတို့တိုက်ယူရတယ် ဆိုတာကို အထက်ကို တင်ပြချင်လို့ တိုက်ပွဲအတု ဆင်နွဲတာဖြစ်နိုင်တယ်။ နောက်တခုက စခန်းကနေ ရုပ်ပေးဖို့ ညွှန်ကြား ထားလို့ မပြောင်းပေးရင် မရုပ်ပေးရင် မြန်မာစစ်တပ်ဘက်က အင်အားသုံးတိုက်ယူရမယ် ဆိုတာ သူတို့မှာ ပေါ်လစီ ရှိလို့ - လို့ဘဲ ထင်တယ်။ ဒါပေမယ့် ကျနော်တို့က ၁၁ ရက်နေ့ကတည်းက ထွက်ထားပြီးပြီ” ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောသည်။

ယခု လွယ်လန်းတပ်စခန်းအား တိုက်ခိုက်နေသည်မှာ မြန်မာစစ်တပ်မှ အင်အား ၂၀၀ ခန့်ရှိပြီး ဟိုမိန်း နယ်ခြား ကာကွယ်ရေးတပ်ဖွဲ့ (နမ့်စန်၊ ကျိုင်းတောင်းဘက်) မှ အင်အား ၁၀၀ ခန့်လည်း ပါဝင်ပူးပေါင်းခဲ့ကြောင်း၊ စစ်ယာဉ်တန်း ၁၃ စီးထက်မနည်း ရှိကြောင်း၊ အဖွဲ့ ၃ ဖွဲ့ခွဲ၍ နေရာ ၅ နေရာမှ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

လွယ်နဂါးတောင်ကြောသည် ဟိုမိန်းမြို့နယ် အနောက် တောင်ဘက် ကီလိုမီတာ ၂၀ ကျော်အကွာတွင် တည်ရှိ သည်။ RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ပြည်ထောင်စုအဆင့် ဆွေးနွေးကြစဉ် ဟိုမိန်း၊ မိုင်းထားနှင့် မိုင်းတော့တို့တွင် သျှမ်းပြည်တပ်မတော်၏ တပ်မိသားစု နေရာချထားရန် သဘောတူညီမှု ရရှိထားကြသော်လည်း မြန်မာစစ်တပ်က ယနေ့တိုင် အကောင်အထည်ဖော်ခွင့်မပေးဘဲ တိုက်ခိုက်နေဆဲဖြစ်သည်။ 

Most read this week