အသရေဖျက်မှုဖြင့် Pastor တဦးတရားစွဲ ဆိုခြင်းခံရ

အသရေဖျက်မှုဖြင့် Pastor တဦးတရားစွဲ ဆိုခြင်းခံရ
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ထန်တလန်မြို ့နေ Pi Khual Dim ၏ နေအိမ်တွင် အရက်ရောင်းဝယ်သည့် စွပ်စွဲချက်ဖြင့် စစ်ဆေးခဲ့သူ (သင်းအုပ်ဆရာ) Pastor Sang Hre Lian နှင့် အဖွဲ့အား အသရေ ဖျက်မှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ထန်တလန်မြို ့နယ်မှူး Pu Rum Thang အမိန် ့အရ မီးသတ်တပ်ဖွဲ ့၊ ရပ်ကွက် လူကြီးများ အပါအဝင် Thantlang Christian Fellowship (TCF) လူငယ်အဖွဲ့အား ဦးဆောင်သည့် Pastor Sang Hre Lian မှ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ ့ ညနေ ၄း၁၅ နာရီအချိန်ခန့်က ၀င်ရောက် စစ်ဆေးခဲ့သည့်အပေါ် အိမ်ရှင် Pi Khual Dim မှ မတ်လ (၇) ရက်နေ့က တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို ့ အိမ်ထဲဝင်လာတဲ့အခါ ကျမအိမ်ကို မစစ်ဆေးဖို့၊ ကျမရဲ ့ သိက္ခာအတွက်လည်း စဉ်းစားပေး ကြပါလို ့ အကြိမ်ကြိမ်တောင်းပန်တယ်၊ မရဘူး အရက်ကို အိမ်ထဲမှာ လိုက်ရှာကြတာ၊ ကျမ ရောင်းတဲ့ ဟင်းသီးဟင်းရွက်ကိုလည်း ဖရိုဖရဲဖြစ်အောင်လှန်ပြီး ရှာကြတယ်၊ ပစ္စည်းဝယ်မယ့် သူတွေလည်း ကြောက်လန် ့ပြီးတော့ ငွေမပေးဘဲ ထွက်သွားသူတွေလည်း ရှိတဲ့ အတွက် ကျမ တော်တော် အထိနာတယ်” ဟု Pi Khual Dim ကတရားရုံးတွင် ထွက်ဆိုခဲ့သည်။

စစ်ဆေးစဉ်က နေအိမ် စစ်ဆေးပိုင်ခွင့်ရှိသူ Pu Ngun Chan, Pu Myint Lwine, Pu Tri Tling နှင့် Pu Thla Hmung တို့ တဦးတယောက်မှ မပါ၀င်ကြောင်းနှင့် မိမိထံတွင် အရက်လည်း မတွေ့ကြောင်း Pu Khual Dim က ဆိုသည်။

ထို့အပြင် အိမ်စစ်ဆေးသည့်နေ့က ထန်တလန်မြို့နယ် တောင်ကျောဘော်လုံးပွဲ ကျင်းပချိန်ဖြစ်၍ ဘော်လုံးပွဲ ကြည့်နေသည့် မြို့နယ်မှူး Pu Rum Thang နှင့် Dr. Hmu Thang တို့ထံ သွား၍  အကျိုးအကြောင်း ရှင်းပြခဲ့သော်လည်း မည်သည့် တုန် ့ပြန်ချက်မှ မပေးကြကြောင်း သူမက ဆက်လက် ပြောဆိုသည်။

မိမိသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျမ်းစာသင်ကျောင်းဆင်းဖြစ်ပြီး Pastor တာဝန် ၁၁ နှစ်ခန် ့ ထမ်းဆောင်ဖူးခဲ့ကြောင်းနှင့် တာဝန်ထမ်းဆောင်စဉ်ကလည်း အရက်သောက်သုံးသူ၊ အခက် အခဲကြံုသည့် သူများကို အတတ်နိုင်ဆုံး ကူညီ၍ ဆုတောင်းပေးခဲ့ကြောင်း၊ သို ့သော် ယခု Pastor တဦးမှ မိမိအပေါ် ပြုမှုခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဆက်လက် ပြောဆိုသည်။

တရားစွဲခံရသည့် Pastor Sang Hre Lian ကမူ “ကျတော်တို ့ မစစ်ဆေးခင်မှာ ထန်တလန်မြို ့နယ်မှူး Pu Rum Thang ကို တိုင်ပင်ခဲ့တယ်၊ သူ ့အမိန် ့အရ စစ်ဆေးတာပါ။ မစစ်ဆေးခင်မှာလည်း Pi Khual Dim ကိုခွင့်တောင်းတယ်။” ဟု တရားရုံးတွင် ထွက်ဆိုသည်။

Pi Khual Dim အား မကျေနပ်၍ ယင်းကဲ့သို ့စစ်ဆေးခြင်း မဟုတ်ကြောင်း၊ ထန်တလန်မြို ့ ပေါ်တွင် တရားမဝင် အရက် ရောင်းဝယ်ခြင်းမပြုရန် ရည်ရွယ်၍ အရက်ရောင်းသည့် အိမ်တိုင်းအား စစ်ဆေးခြင်းဖြစ်ကြောင်း TCF Pastor ကဆိုသည်။

ထို ့အပြင် ၁၉၉၉ ခုနှစ် ထန်တလန်မြို ့နယ် ရာပြည့်နှစ် လူထု အစည်းအဝေးမှ အရက်ရောင်းဝယ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ချက်အား ယခုထိတိုင် အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အရက်ရောင်းဝယ်သူများကို သာရေးနာရေးတွင် ဘာသာရေးမှ တာဝန်မယူရန်နှင့် ခရစ်ယာန် အသင်းသားအဖြစ်မှ ပယ်ဖျက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ Pi Khual Dim အားလည်း အရက် ရောင်းဝယ်မှု ပြုလုပ်ခဲ့သောကြောင့် ဘာသာရေး အသင်းသား စာရင်း မှ ပယ်ဖျက်ခြင်း ခံရသူ ဖြစ်ကြောင်း အဆိုပါ Pastor ကတရားရုံးတွင် ထွက်ဆိုခဲ့သည်။

“သူမက အရက်ရောင်းဝယ်မှုကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်တယ်၊ အခုပြည်နယ် တရားရုံးမှာ အမှု ရင်ဆိုင်နေဆဲလည်းဖြစ်တယ်” ဟု TCF Pastor ကဆိုသည်။

Pi Khual Dim ကမူ ယခုပြည်နယ်တွင် အမှုရင်ဆိုင်ဆဲ ဖြစ်သော်လည်း အရင်က ထောင်ကျခဲ့ဖူးသူ မဟုတ်ကြောင်း၊ ဘာသာရေးမှ ပယ်ဖျက်သည့် တရားဝင် အကြောင်းကြားစာလည်း မတွေ ့ရကြောင်း ချေပ ထွက်ဆိုသည်။

ယခုတရားစီရင်ရာတွင် ထန်တလန်မြို ့ လူထု ၄၀ ကျော်တက်ရောက် နားထောင်ခွင့်ရခဲ့ကြောင်း သိရသည်။

Most read this week