နိုင်ငံကူး လက်မှတ် ပြုလုပ်ရာတွင် အစိုးရမှ ဖြေလျှော့မှုများ ပေးလာသော်လည်း ပြစ်ဒဏ် ကျခံဘူးသူ အကျဉ်းသားဟောင်းများ အနေဖြင့် အကျဉ်းထောင် ထွက်လက်မှတ်များ ထည့်သွင်း လျှောက်ထားရန် လိုဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး၊ ဌာနခွဲမှူး ၊ ရဲမှူး ကျော်ဇေယျက ပြောသည်။
အဆိုပါ အကျဉ်းသားဟောင်းများ အတွက် ထောင်ထွက် လက်မှတ် လိုအပ်ခြင်းမှာ ကိုယ်ရေး ရာဇဝင်ကြောင့် ဖြစ်ကြောင်း ရဲမှူးကျော်ဇေယျမှ မဇ္စျိမသို့ ပြောသည်။
၎င်းက “ပတ်စ်ပို့ (နိုင်ငံကူး လက်မှတ်) လျှောက်ရင် ကိုယ်ရေးရာဇဝင်တော့ တောင်းတယ်။ အဲဒီမှာမှ ထောင်ကျဘူးရင် ထောင်ထွက်လက်မှတ် ပါရမယ်။ ဘာလို့လည်းဆိုတော့ သူပျောက်သွားတာတို့ ဘာတို့ဖြစ်ရင် ကိုယ်ရေးရာဇဝင်ကိုပဲ ကြည့်ပြီးစုံစမ်းရတာမို့ပါ” ဟု ရှင်းပြသည်။
သို့သော် အခွန်ကင်းရှင်းကြောင်း သက်သေခံစာရွက် ဖြစ်သော ပုံစံ ၁၉ နှင့် ပြည်ပထွက်ခွာသူများမှ လဝက သို့ လေယာဉ်ကွင်းတွင် ပေးရသည့် D-Form အား ပြုလုပ်ရန် ယခုလ ၁၈ ရက်နေ့မှ စ၍မလိုအပ်တော့ ကြောင်း ရန်ကင်းမြို့နယ် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ သိရသည်။
ရဲမှူး ကျော်ဇေယျမှ “ အခု အရင်လို ပုံစံ ၁၉ မလိုတော့ဘူး။ ဒါကြောင့် ၁၉ လုပ်ရင်ပြရတဲ့ ပုံစံ ၁၇ လည်း မလိုတော့ဘူး” ဟု ဆက်လက် ပြောသည်။
ယခုအခါ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်သူများ အနေဖြင့် လဝကမှ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာနှင့် အိမ်ထောင်စု ဇယားပုံစံ (၁၀) တို့သာ လိုအပ်တော့မည် ဖြစ်ကြောင်း သိရသည်။
၈၈ မျိူးဆက် ကျောင်းသားများ အဖွဲ့မှ မနီလာသိန်းက အကျဉ်းထောင်ထွက် လက်မှတ် တောင်းခံမှုမှာ ယနေ့အချိန်တွင် မဖြစ်သင့်တော့ ကြောင်းအဆိုပါ ထောင်ထွက်လက်မှတ် ပြကာ လုပ်ဆောင်ရခြင်းမှာ မလိုအပ်တော့ကြောင်း ဆိုသည်။
“အကြောင်း အမျိူးမျိူးကြောင့် ပြစ်ဒဏ် ခံရပြီး ထွက်လာတဲ့ သူတိုင်းက အပြင်မှာ ဘာပဲလုပ်လုပ် အဲဒီ အရိပ်ကြီးက စွဲကပ်နေတာကို မဖြစ်သင့်တော့ဘူးလို့ ကျွန်မထင်တယ်။ ဒီလို ၀ရမ်းလက်မှတ် မရမချင်း ပတ်စ်ပို့စ် မထုတ်ပေးတာဟာ မဖြစ်သင့်တော့ဘူးလို့ ကျွန်မမြင်တယ်” ဟု ၎င်း၏ အမြင်ကို မဇ္စျိမသို့ ပြောသည်။
အလားတူ ၈၈ မျိူးဆက် ကျောင်းသားများအဖွဲ့မှ ကိုစိုးထွန်းကလည်း ယခုလို နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးနှင့် ပတ်သက်၍ စည်းကမ်းချက်များ တဖြည်းဖြည်း ဖြေလျော့ ပေးလာသည် ဟု မြင်ကြောင်းနှင့် “နိုင်ငံသား တယောက်က အပြစ်ဒဏ် ကျခံရပြီးတဲ့နောက် ကျွန်တော်မြင်တာကတော့ သူ့မှာ ဘာမှ အပြစ်မရှိတော့ဘူး ထင်တယ်။ အဲတော့ ကျွန်တော်ကတော့ ပြဖို့ မလိုတော့ဘူးလို့ ထင်တယ်။ ဒါကလည်း နိုင်ငံတော် လုံခြံုရေးအတွက် ပြစ်မှုကြီးနေတဲ့ လူတွေကို ဆိုရင်တော့ တမျိူး ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဆိုသည်။
ထို့အပြင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ပူးတွဲ တင်ပြရန်မလိုကြောင်း မတ်လ ၁၈ ရက်နေ့မှ စတင်ပယ်ဖျက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။