ကယားပြည်နယ် ဘော်လခဲ ခရိုင်ရှိ ရွာသစ် ရေကာတာ တည်ဆောက်မှုအား ပွင့်လင်းမြင်သာမှု မရှိခြင်းမှာ ယခင် စစ်ပွဲကာလက ထောင်ထားသည့် မိုင်းများရှိနေခြင်းကြောင့် ဖြစ်ကြောင်း ကယားပြည်နယ် ၀န်ကြီးချုပ်မှ ပြန်လည် ရှင်းလင်းခဲ့သည်။
၎င်းက “အရင်ဆုံး မိုင်းကိစ္စ ကိုရှင်းရမယ်။ သေနတ်က ပစ်မှထိတာ မိုင်းက အချိန်မရွေး ထပေါက်နိုင်တယ်။ ဒါကြောင့်ပြည်သူတွေကို မသွားနဲ့ မလာနဲ့ဦးလို့ ကျွန်တော်တို့က တားနေရတာပါ” ဟုဆိုသည်။
ထို့ကြောင့် မိုင်းများ အား ဦးစွာရှင်းလင်းရမည်ဖြစ်ကြောင်း ထိုမိုင်းများရှင်းလင်းပြီးမှ ပြည်သူများ သိသင့်သိထိုက်သော အချိန်တွင် အဆိုပါ ရေကာတာကိစ္စအား ပြည်သူများသို့ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်အေးက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အဆိုပါ မိုင်းများအား ရှင်းထုတ်ရန် UN အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု ပြုလုပ်နေကြောင်း တစ်ရက်လျှင် အတိုင်းအတာ မည်မျှ တူးဖော်နိုင်မည် စသည့် လုပ်ဆောင်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။
မြေမြှုပ်မိုင်းများသည် ၂၀၁၂ခုနှစ် နှောင်းပိုင်း စစ်ပွဲများ ဖြစ်ပွားစဉ် အချိန်တွင် မိုင်းထောင်မှုများ ရှိခဲ့ပြီး သံလွင်မြစ် အရှေ့ပိုင်းဒေသများတွင် မြေမြှုပ်မိုင်းများ ပိုမိုများပြားကြောင်း ဒေသခံများ ပြောကြားချက်မှ သိရသည်။
ထို့ကြောင့် ကရင်နီ အမျိူးသားတိုးတက်ရေးပါတီမှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သတ်၍ တောင်းဆိုထားသည့် စီမံကိန်းဒေသအား ပြည်သူများနှင့် အဖွဲ့အစည်းများ လေ့လာခြင်း မပြုနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြန်လည်ပြောဆိုခဲ့သည်။
အဆိုပါ ရေကာတာ တည်ဆောက်သည့် နေရာနှင့် အခြားစစ်ပွဲများ ဖြစ်ပွားခဲ့သော် ကယားပြည်နယ်မှ ဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ယခင်က မြှုပ်နှံခဲ့သော မြေမြှုပ်မိုင်း အရေအတွက်မှာ အလုံး တသောင်းခွဲခန့် ရှိကြောင်း သိရသည်ဟု ဒေသခံများက ပြောဆိုသည်။
“ ကယားပြည်နယ်ရဲ့ နယ်စပ်တွေမှာ အမြဲလိုလို လူတွေ မိုင်းထိကြတယ်။ မိုင်းထိတဲ့ အထဲမှာ ဒေသခံ ကလေးတွေ များတယ်” ဟု ကရင်နီလူငယ်သမဂ္ဂမှ ကိုဒီးဒီးက ပြောသည်။
ထိုသို့ မြေမြှုပ်မိုင်းများ ဖယ်ရှားခြင်း ကိစ္စနှင့် ပတ်သတ်၍ ယခုအချိန်အထိ လက်နက်ကိုင်ကာ အပစ်အခတ် ရပ်စဲထားသည့် ကယန်းပြည်သစ်ပါတီမှ ဥက္ကဌ ဦးစောလွင်က “ မြေမြှုပ်မိုင်းက အစိုးရက တာဝန်ယူပြီး ရှင်းရမှာပါ။ အစိုးရထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကလည်း ပိုပြီး အင်အားကြီးပါတယ်” ဟုဆိုသည်။