ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်

ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်
by -
နိရဥ္စရာ

ပုဏ္ဍားကျွန်းမြို့ အထက်ကျောင်းတွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။

Ponna-Kyunt-Arakan

မီးမှာ ယနေ့ နံနက်  အစောပိုင်း ညဉ့် ၂ နာရီခွဲခန့်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မူကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သတ် ပြီး ပုဏ္ဍားကျွန်းမြို့ စံပြကွက်ရပ်တွင် နေထိုင်သူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ မီးက ဘယ်လို စလောင်တယ်ဆိုတာ ဘယ်သူမှ ပြောနိုင်သေးဘူး။ အဲဒီအခန်းမှာ လူလည်းမရှိဘူး။ နံနက် အစောကြီး ညဉ့် ၂ နာရီခွဲခန့်စပြီး လောင်တယ်။ အခုလက်ရှိ စာမေးပွဲဖြေနေတဲ့ အခန်း ၂ ခန်းမီးထဲ ပါသွားတယ်။ ဘေးနားက နောက်တခန်းကိုတော့ မီးမကူးရအောင် ဖျက်ဆီးလိုက်ရပါတယ်” ဟု ဆိုသည်။

မီးလောင်နေချိန်တွင် ပုဏ္ဍားကျွန်းမီးသတ်ဌာနကို အကူအညီတောင်းသော်လည်း မီးသတ်ကားတွင် ရေ မရှိဟု ဆိုကာ ပြောဆိုပြီး မီးသတ်ကား ရောက်မလာခဲ့ကြောင်း သူက ဆက်ပြောသည်။

သို့အတွက် စစ်တွေမြို့မှ ပြည်နယ်မီးသတ်ကို အကူအညီ  တောင်းသော်လည်း ဖုန်းအဆက် သွယ်မရခဲ့ဟု ဆိုသည်။

မီးကို မြို့ခံလူထုဖြင့် ၀ိုင်းဝန်း  ငြိမ်းသတ်ခဲ့ရသည်ဟု သူကပြောသည်။

ဆယ်တန်း စာမေးပွဲ ဖြေဆိုနေသည့် အချိန်ဖြစ်သည့် အတွက် ကျောင်းလုံခြံုရေး အတွက် ရဲတပ်ဖွဲ့ ၀င်များနှင့်် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ ကျောင်းတွင် ရှိနေကြသည်ဟု ဆိုသည်။

သို့သော်လည်း မီးလောင် ကျွမ်း ရသည့် အကြောင်းအရင်းကို  မည်သူမှ တိတိကျကျ မပြောဆို နိုင်ကြောင်း သိရသည်။

“မြို့ထဲမှာတော့ ကျောင်းသားမိဘတွေက စာမေးပွဲအချိန်ဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့ စာမေးပွဲ အတွက် အားလုံးက စိုးရိမ် နေကြတယ်။ အဲဒီအ ခန်းက လူနေတာလည်းမဟုတ်ဘူး။ ပိတ်ထားတဲ့ အခန်းက စလောင်တယ်ဆိုတော့ မြို့လူထုက စိတ်ဝင်စားနေ ကြ တယ်။” ဟု အဆိုပါမြို့ခံမှ ပြောသည်။

ဆယ်တန်း စာမေးပွဲကို ဖြေဆိုနေသည့် အချိန်ဖြစ်ပြီး စနေ၊ တနင်္ဂနွေတွင် စာမေးပွဲ နားထားသည့်အတွက် တနင်္လာနေ့တွင် ကျောင်းသား၊ ကျောင်းသူများကို တခြား တနေရာတွင် ပြောင်းရွေ့ စာစစ်ရန် ပြည်နယ်ပညာရေးမှုကို တင်ပြထားကြောင်း သိရသည်။

အာဏာပိုင်များမှ မီးလောင်မှုဖြစ်ပွားပြီးနောက် ကျောင်းလုံခြံုရေးကို တိုးမြှင့်ထားပြီး စစ်ဆေးမှု များပြုလုပ် နေ ကြောင်း သိရသည်။

Most read this week