အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုအပြီး တိုက်ပွဲစ

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုအပြီး တိုက်ပွဲစ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးပြီး တစ်ရက်အကြာ ရှမ်းပြည်နယ် မြောက်ပိုင်း KIO အောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် နှစ်ဖက်တပ်ကြား ၂ နာရီကြာ ပြင်းထန်သောတိုက်ပွဲတခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲစသောနေ့မှစ၍ အဆိုပါ အစိုးရတပ်များက ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့တွင်မူ ၄င်းကွတ်ခိုင်အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ (၂၄၁) တပ်ဖွဲ့များ နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ ဗိုလ်ကြီး ဖောင်ဒါဒွတ် (Hpauda Dut) ဦးဆောင်သော ဇိုင်းလဒတ် (Zai Ladat) တပ်ဖွဲ့ (၃၀၁) တပ်ဖွဲ့တို့ ၁၀ နာရီမှ ၁၂ နာရီခွဲထိ အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လို သူ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။

“အဲဒီအစိုးရတပ်ဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေ ဂျာကြိုင်ယန် မှာနေနေတာသိတော့ ရွှေလီမှာ ဆွေးနွေးနေတဲ့ နေ့ ၁၁ ရက်နေ့မှာပဲ ကျနော်တို့နေတဲ့နေရာကို ဆင်းလာတယ်။ သူတို့ဆင်းလာတော့ ကျနော်တို့ဖက်က ရှောင်လိုက်တာ။ ပြီးတော့ ကျနော်တို့အဖွဲ့က ကတုန်းခဆန် (Kadung Hka San)မှာ ပြန်သွားနေတယ်။ အဲဒီမှာလည်း အစိုးရတွေ ပြန်လိုက်လာတော့ ကျနော်တို့လည်း မပစ်ချင်လို့ ဟူးဖြတ်မန်ပိန်း ဆိုတဲ့နေရာမှာ ပြန်ရွှေ့သွားတယ်။ သူတို့လည်း လမ်းမကြီးလမ်းမဟုတ်ပဲနဲ့ တောလမ်းပြန်လိုက် လာတော့ အဲဒီရွာအနီးမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြတာ။ ကျနော်တို့ဘယ်ကိုသွားရင် သူတို့လည်း လိုက်တယ်။”

တိုက်ပွဲဖြစ်ပွားရာနေရာသည် တပ်မဟာ (၄) လက်အောက် တပ်ရင်း (၉) နယ်မြေ ဟူးဖြတ်မန်ပိန်း (Hu Hpyet Man Pying) ကျေးရွာအနီးတွင်ဖြစ်ပြီး အစိုးရနှင့် KIA နှစ်ဖက် အင်အား ၆၀ ခန့်စီဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ခဲ့ရာ အစိုးရဘက်မှ ၆ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KIA အရာရှိပြောဆိုခဲ့သော်လည်း သီးခြားအတည်ပြုမှုမရရှိခဲ့ပေ။

အစိုးရနှင့် KIO သည် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ကြသည်။

သို့သော် ဆွေးနွေးမှုများပြုလုပ်နေချိန်အတွင်း အစိုးရတပ်ဖွဲ့များမှ တပ်ရင်း (၉) နယ်မြေ ဟူးဖြတ်အနီး ကြောင်မြန် (Chyau Myan) ကျေးရွာတွင် စစ်ကြောင်းတစ်ခုနှင့် ဗီမာ(Bi Ma)အနီး နောင်အိန်ယန် (Nawng Ing Yang) တွင် စစ်ကြောင်းတစ်ခုချထားနှင့်ပြီးဖြစ်သည်ဟု အဆိုပါ KIA အရာရှိကဆိုသည်။

“အစိုးရတပ်တွေက နေရာတိုင်းမှာ လူအင်အားဖြည့်တာတွေ ရိက္ခာပို့တာတွေလုပ်နေတယ်။ နေရာတကာ ထိုးစစ်ဆင်နေတယ်။ ကျနော်တို့ရှောင်ပေးလိုက်လို့ သေနတ်သံမကြားတာပဲ။ ဆွေးနွေးလည်း ဆွေးနွေးနေတယ်။ သေနတ်သံမမြည်တဲ့ အချိန်မှာ သူတို့က ကျနော်တို့ရဲ့ အရေးကြီးတဲ့နေရာတွေကို လိုက်ယူနေတဲ့သဘောပေါ့။”

အစိုးရဘက်မှ ထိုသို့ထိုးစစ်ဆင်လာသော်လည်း KIA ဌာနချုပ်မှ ၎င်းတို့ဘက်မှ ပစ်ခတ်မှုမရှိလျှင် ပစ်ခတ်မှုမပြု လုပ်ရန် ညွန်ကြားထားကြောင်း သိရသည်။

ဆွေးနွေးမှုအပြီးဆက်လက်ဖြစ်ပွားလာသော တိုက်ပွဲသည်အရှိန်ပြင်းထန်သည်ဟု ပြောဆိုနိုင်ပြီး နောက်ထပ်လည်းတင်းမာနေဆဲဖြစ်ကြောင်းပြောသည်။

အစိုးရဖက်မှာလည်း အဆိုပါစစ်အင်အားတိုးချထိုးစစ်ဆင်နေသည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မတ်လ ၁၁ ရက်နေ့က ဧရာဝတီသတင်းဌာနသို့ အောက်ပါအတိုင်း တုံ့ပြန်ထားသည်ကိုတွေ့ရသည်။

 “ကျနော်တို့ဘက်က စစ်အင်အား တိုးတယ်ဆိုတာ လောလောဆယ် မရှိသေးပါဘူး။ တပ်ဘက်က တစုံတရာ ပစ်ခတ်မှု မလုပ်သေးဘူး။ စစ်တိုက်တယ်ဆိုတာ ဘယ်သူမှားတယ် မှန်တယ်ဆိုပြီး နှစ်ဖက်လုံးကိုပြောလို့ မရပါဘူး။ ကချင်ဘက်မှာလည်း စစ်အင်အားတိုးတယ်ဆိုတာ မရှိပါဘူး။ ရှမ်းမြောက်ဘက်ကိုလည်း စစ်အင်အား တိုးထားတယ်ဆိုတာ မရှိသေးပါဘူး။ ဒါကို တိတိကျကျ မသိဘဲ ဝေဖန်ချက်အနေနဲ့ထွက်လာ တာ ဖြစ်ပါလိမ့်မယ်။”

အစိုးတပ်များသည် ကချင်ပြည်နယ်တွင် အင်အားတိုးချဲ့မှုများနှင့် ထိုးစစ်ဆင်မှုများ ရှိနေဆဲဖြစ်သော်လည်း KIO ဘက်မှ နိုင်ငံရေးဆွေးနွေးမှုအဆင့်ကိုဆက်လက် ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် KNG ကချင်သတင်းဌာနသို့ ပြောခဲ့သည်။

ကချင်ပြည်နယ်ပဋိပက္ခဆက်ဖြစ်ပွားနေချိန် ငြိမ်းချမ်းရေး လိုလားသူအုပ်စုများကလည်း မန္တလေးနှင့်မြင်းခြံ မြို့မှ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ လိုင်ဇာမြို့သို့ ရောက်ရှိနေပြီး ပြည်သူလူထု ၅၀၀ ခန့်က သူတို့ကို ရိုးရာဝတ်စုံများ၊ မောင်းများဖြင့်တီးခတ်၍ ကြိုဆိုခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ကြိုဆိုရေး ကော်မတီဝင် အမျိုးသမီးအဖွဲ့မှ ဆရာမ ဆိုင်းတောင် (Seng Tawng) ကပြောသည်။

ကိုသန့်ဇင်က “ကချင်ပြည်နယ်ရဲ့ ဒီလိုမျိုးတိုက်ပွဲဖြစ်နေတာကို ကျနော်တို့အနေနဲ့ အရမ်းစိတ်ထိခိုက်တယ်။ ကချင်ဆိုရင်လည်း ကျနော်တို့တိုင်းရင်းသားတွေပဲ။ အဲဒါကြောင့် ကျနော်တို့ ကူညီနိုင်တာက ဒီခြေကို အရင်းခံပြီး လမ်းလျှောက်တက်လာတာကို နင်တို့ကိုကျနော်တို့ကူညီတာဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း ဆရာမကပြောသည်။

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ရွှေလီဆွေးနွေးပွဲမှ ပြန်လာကြသော KIO ကိုယ်စားလှယ်များကို ကချင်လူထုများက နယ်စပ်တလျှောက် လူထု ၂၀၀၀ ကျော်သည် သီချင်းများဖြင့် ၀မ်းမြောက်စွာ ကြိုဆိုလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

ယခုချိန် ငြိမ်းချမ်းရေးလိုလားသည့် လူထုများက အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO အဖွဲ့များ တရုတ်နိုင်ငံ ရွှေလီမြို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက်ဆွေးနွေးမှုမှရလဒ်များကိုစောင့်ကြည့်နေချိန် ယခုတိုက်ပွဲသည် ပထမဆုံးကြီမ်ဖြစ်ပွားလာသော တိုက်ပွဲဖြစ်သည်။

Most read this week