ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီက အလှဆင် မာဘယ်ကျောက်များ (စကျင်ကျောက်) ထုတ်လုပ်ရန် တောင်ကုတ်မြို့အနီးရှိ နေပူတောင်ကို ဝယ်ယူလျက် လုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်းအပေါ် ရခိုင်လူမှုကွန်ယက်မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရခိုင် လူမှုကွန်ယက်မှ တာဝန်ရှိသူများက မဇ္စျိမကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများကို မိမိတို့ တိုင်းပြည်မှ သံယံဇာတများ ထုတ်လုပ်ရောင်းချရာတွင် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြဿနာများ ဖြစ်ပေါ်နေရကြောင်း ရခိုင်လူမှုကွန်ယက်မှ သံတွဲခရိုက် ညှိနှိုင်းရေး တာဝန်ခံ ဦးစိုးဝင်းက ပြောသည်။
၎င်းက “ရခိုင်မှာ ရွှေဂက်စ်၊ ပြည်မမှာ မြစ်ဆုံ၊ ကြေးနီတောင်ကိစ္စတွေဟာလည်း ဒီအတိုင်းပါပဲ။ အခု တောင်ကုတ် နေပူတောင်ကိစ္စကိုလည်း ပြည်သူမသိအောင် လုပ်လာပြန်တယ်။ ဒီလို ဒေသအကျိုးအတွက် ဘာမှဆောင်ရွက်ပေးခြင်း မရှိ၊ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း ထင်သာမြင်သာ မရှိတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင် လူမှုကွန်ယက်အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကန့်ကွက်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။
နေပူတောင်မှ ထွက်ရှိမည့် ကျောက်များ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ကိုးထောင် အနည်းဆုံးရရှိမည် ဖြစ်သော်လည်း မိုင်းခွဲခြင်းလုပ်ငန်းများကြောင့် ထိခိုက်လာနိုင်သည့် EIA (environmental impact assessment) နှင့် SIA (Social Impact Assessment) တို့ စစ်ဆေးမှုများ ရှိမရှိကို အများပြည်သူ မသိရှိရသေးသလို၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိဟုလည်း ဦးစိုးဝင်းက ရှင်းပြသည်။
နေပူတောင်၏ လက်ရှိအနေအထားနှင့်ပတ်သက်၍ ဦးစိုးဝင်းက “ဒီအပတ်ထဲမှာနေပူတောင်ကို ဆက်သွယ်မယ့် လမ်းကို ဖောက်ပြီးနေပြီ။ စက်ပစ္စည်းတွေထားဖို့နဲ့ ဝန်ထမ်းတွေနေဖို့ အဆောက်အဦးတွေ စဆောက်နေပါပြီ။ အဲဒီမှာ ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတဦးကိုမေးကြည့်တော့ မကြာခင်လုပ်ငန်း စတင် တော့မယ်ပြောတယ်” ဟု ပြောပြသည်။
လုပ်ငန်းများ စတင်ဆောင်ရွက် နေသော်လည်း ဒေသခံများမှာ လုပ်ငန်းနှင့်ပတ်သက်၍ တစိုးတစိမျှ မသိရသဖြင့် အစိုးရအပေါ်သံသယရှိနေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် က ဆိုသည်။
“စစ်အစိုးရလက်ထက်မှာ နေပူတောင်ကျောက်ကို ထုတ်ပြီး ဥသျှစ်ပင်ကိုသယ်ယူနေတာကို ကြားခဲ့ရတယ်။ ခက်တာက တလျှောက်လုံး ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးချပြတာမျိုး မရှိခဲ့ဘူး။ ဒီလို ပွင့်လင်းမြင်သာမှုမရှိလို့ အစိုးရအပေါ်မှာ ပြည်သူတွေက သံသယစိတ်တွေ ဖြစ်နေတာလို့ မြင်ပါတယ်” ဟု ဦးမင်းအောင်က ပြောသည်။
အစိုးရသစ် လက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာနမှ ၀န်ကြီးတဦးက တိုင်းရင်းသားဒေသများမှ သဘာဝ သယံဇာတများ ထုတ်ယူသည့်အခါ ဒေသခံတိုင်းရင်းသားများကို အသိပေးပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်မည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာသေးကြောင်း ဦးမင်းအောင်က ဆိုသည်။
နေပူတောင် စီမံကိန်းအား အကောင်အထည်ဖော်ရန် ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ရက်နေ့တွင် ဗီယက်နမ် Song Da Joint Stock Company (SIMCO) ကုမ္ပဏီနှင့် အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာ အမှတ်၃ သတ္တုတွင်းလုပ်ငန်းတို့မှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချူပ်ကို ချူပ်ဆိုခဲ့ကြသည်။
ထို့အပြင် ဗီယက်နမ် သံအမတ် Mr. N Chu Cong Phung နှင့် MYSICOမှ မန်နေဂျင်းဒါရိုက်တာ Mr. Ngagen Cong Kun တို့သည် ရခိုင်ပြည်နယ်အစိုးရနှင့်၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌ လုပ်ငန်းဆောင်ရွက်
ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများမှ သိရသည်။
ပင်လယ်ရေမျက်နှာပြင်မှ ၂၂၂၃ ပေအမြင့်၌ရှိသော နေပူတောင်မှာ မြေပြင်မှ ပေ ၃၀၀ ခန့်မြင့်မားပြီး၊ တောင်၏ လုံးပတ်မှာ ၅ မိုင်ခန့်ရှိကာ၊ အရောင်မျိုးးစုံပါဝင်သည့် မာဘယ်ကျောက်များဖြင့် ဖွဲ့စည်းထားလျက် နှစ်သန်းပေါင်း ရ၅ သန်းကျော် သက်တမ်းရှိ ကျောက်တောင်ကြီးတခု ဖြစ်သည်။
တောင်ကုတ်မြို့ အရှေ့ဘက် ၂၉မိုင် လေးဖာလုံ အကွာရှိ နေပူတောင်အား ဗီယက်နမ်နိုင်၏ စီးပွားရေး ဦးဆောင် ကုမ္ပဏီ တခုဖြစ်သော Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ ၂၅ နှစ်ကာလ ကျောက်ထုတ်လုပ်ခွင့်ကို ရောင်းချထားခြင်းဖြစ်သည်။
ရခိုင်ရိုးမပေါ်ရှိနေပူတောင်၏ ကျောက်ထုတ်လုပ်မှုဧရိယာမှာ ၂.၃၇၀၃ စတုရန်းကီလိုမီတာရှိပြီး ထွက်ရှိမည့် မာဘယ် အလှဆင်ကျောက် ပမာဏမှာတန်ချိန်ပေါင်း ၈၇ သန်း ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ယက်မှ သိရသည်။