မြစ်ကြီးနား မိဘမဲ့ဂေယာ ဗုံးပေါက်ကွဲမှု ကြန့်ကြာနေ

မြစ်ကြီးနား မိဘမဲ့ဂေယာ ဗုံးပေါက်ကွဲမှု ကြန့်ကြာနေ
by -
မဇ္စျိမ

မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် မိဘမဲ့ဂေဟာတခုတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိမ်ရှင် ဦးဒယောင်တန်ဂွန်းနှင့် ဇနီး တို့အပါအဝင် အမှုတွဲ ၆ ဦးတို့အား မြစ်ကြီးနားမြို့ ခရိုင်တရားရုံးက စွဲချက်တင်သင့်ကြောင်း အမိန့်ချလိုက်မှုကို မကျေနပ်သဖြင့် ပြည်နယ်တရားလွှတ်တော်ရုံးသို အယူခံတင်ထားသည်ကို အမိန့်ချရန် ကြန့်ကြာနေသည်ဟု တရားစွဲခံရသူ ဦးဒေယောင်တန်ဂွန်း၏ သမီး ဒေါ်ခေါင်ဘူက ပြောသည်။

မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းက တရားလိုအဖြစ် တရားစွဲခဲ့ပြီး အစိုးရဘက်မှ တရားလို သက်သေအဖြစ် လူပေါင်း ၂၀ ကျော်အား စစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီလက မြစ်ကြီးနား ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေ က စွဲချက် တင်သင့်ကြောင်း အမိန့်ချခဲ့သည်။ ၎င်းကို မကျေနပ်၍ ပြည်နယ်တရားလွှတ်တော်ရုံးသို့ မတ်လ ၈ ရက်နေ့က အယူခံ လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အမိန့်မချဘူး။ ခရိုင်ရုံးက ပြည်နယ်ရုံးကို တင်ထားတာ။ ပြည်နယ်ရုံးက ဘာမှ မကျလာဘူး ဆိုပြီး ခရိုင်ရုံးက ရုံးချိန်းဘဲ ပြန်ပေးလိုက်တယ်။ ကျမတို့ ဘယ်လို ဆက်လုပ်ရမှန်း မသိဘူး။ ကျမတို့လည်း အရမ်း စိတ်ဆင်းရဲနေတယ်။ ကျမတို့က လုံးဝ အစစ်ဆေးမခံချင်ဘူး” ဟု ဒေါ်ခေါန်ဘူ က ပြောသည်။

လာမည့် မတ်လ ၂၂ ရက်နေ့တွင် ရုံးချိန်း ထပ်မံ ပေးလိုက်ခြင်း ဖြစ်သည်။ အမှုကို အင်ဂျန်းယန်မြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဒေါ်ဒွဲဘူကို လိုက်ပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

“ပုဒ်မ သိပ်ကြီးလို့ အယူခံ တက်ထားပါတယ်။ ခရိုင်က စွဲချက်အမိန့်နဲ့ချတာ။ အဲဒါကြောင့် ပြည်နယ်တရား လွှတ်တော်ကို လျှောက်လဲချက် တင်ထားတာ” ဒေါ်ဒွဲဘူက ပြောသည်။

အသက် ၅၁ နှစ်အရွယ် ဦးဒယောင်တန်ဂွန်းအား လူသေမှု၊ ပေါက်ကွဲစေမှု၊ မီးလောင်မှုတို့ အပါအဝင် အမှုပေါင်း ၆ မှုဖြင့် တရားစွဲဆိုထားပြီး သူ၏ ဇနီး ဒေါ်ဂျာဒိမ်နှင့် အမှုတွဲ ၅ ဦးတို့အား ပေါက်ကွဲမှု၊ ထိန်ချန်မှု၊ မီးလောက်မှုတို့ အပါအဝင် ၅ မှုဖြင့် တရားစွဲဆိုထားသည်။ ယင်းတို့ကို မြစ်ကြီးနား ထောင်ကြီးတွင် ချုပ်နှောင်ခံထားရသည်။

“အစိုးရ သက်သေတွေ အားလုံးကို စစ်ပြီးသွားပြီ။ ဒါပေမယ့် အဖေကို ရိုက်နှက် စစ်ဆေးတဲ့ လူတွေ တယောက်မှ မရှိတော့ဘူး။ ပြောင်းသွားတဲ့လူက ပြောင်း၊ ထွက်သွားတဲ့လူက ထွက်သွားတယ်။ တခြားလူတွေပဲ လာသက်သေခံ တယ်။ သူတို့ကို စစ်တော့ ကိုယ်ကိုယ်တိုင် စစ်ခဲ့သလားလို့ မေးရင် စစ်တဲ့အထဲမှာ ကျနော်မပါလို့ ကျနော် မသိပါဘူး ဆိုတာမျိုး မရေမရာတွေပဲ ဖြေထားတယ်။ သူတို့ ကြိုက်သလို အမှုစွဲထားတာပါ” ဟု ဒေါ်ခေါန်ဘူက ဆက်ပြောသည်။

၂၀၁၁ ခုနှစ်၊ နိုဝန်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင်တန်ဂွန်း၏ နေအိမ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦးဆေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့ခဲ့သည်။

ဦးဒယောင်တန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦးတို့ သေဆုံးခဲ့သည်။ ယခု ဖမ်းဆီးချုပ်နှောင်ခံရ သူများထဲတွင် အိမ်ရှင်ဖြစ်သူ ဦးဒယောင်တန်ဂွန်းနှင့် ဇနီး အပါအဝင် သားမက် နှစ်ဦးတို့ ပါဝင်ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားစဉ် စစ်ကိုင်းတိုင်း၊ ကသာမြို့သို့ ခရီးလွန်နေသော ဦးဒယောင်တန်ဂွမ်းအား သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး၍ ယနေ့ထိ ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ပေါက်ကွဲစဉ် မိခင်၏ ခြေထောက်မှာ ကျင်ဝတ် ကျိုးသွားသဖြင့် ပြန်လည် ဆက်ထားသော်လည်း  လမ်းလျှောက်ရန် ခက်ခဲနေသလို ဖခင်ဖြစ်သူမှာ ဆီးချိုရောဂါ ခံစားနေရပြီး သူ့အား စရဖ မှ စစ်ကြောရေးတွင် ခြေသလုံးနှင့်ပေါင်များတွင် လျှပ်စစ်ကျင်စက်ဖြင့် တို့သဖြင့် အနာများ ယနေ့ထိ ခံစားနေရသည်ဟု ဒေါ်ခေါန်ဘူ က ပြောသည်။  

ဦးဒယောက်တန်ဂွန်း အနေဖြင့် နေပြည်တော်လွှတ်တော်ရုံးသို့ ဆက်လက် အယူခံဝင်သွားမည်ဟု သိရသည်။

ဗုံးပေါက်ကွဲသွားသော နေအိမ်အား ပြန်လည် ပြန်လည် တည်ဆောက်ရန် ပြည်နယ် ဝန်ကြီးချုပ်ထံ အသနားခံစာနှစ်ကြိမ် တိုင်တိုင် ပေးပို့ခဲ့သဖြင့် မတ်လ ပထမပတ်တွင် ပြန်ဆောက်ခွင့် ရခဲ့သည်ဟု ဒေါ်ခေါန်ဘူက ပြောသည်။