မြင်းခြံ- မုံရွာ မှတဆင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ် နယ်မြေသို့ လမ်းလျှောက် ထွက်ခွာ လာကြသည့် ကိုသန့်ဇင်ဦး ဦးဆောင်သည့် (၅၃) ဦးပါ အဖွဲ့သည် မတ်လ (၁၃) ရက်နေ့ မွန်းလွဲ နှစ်နာရီတွင် လိုင်ဇာ မြို့သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ကြိုဆိုရေးအဖွဲ့ဝင်များကဆိုသည်။
“ဒီနေ့ ညနေ ၂ နာရီ လောက်မှာ သူတို့ အဖွဲ့တွေ ကျနော်တို့ လိုင်ဇာ မြို့ကို ရောက်ရှိ လာပါတယ်။ မနက် ၈ နာရီ အချိန်မှာ လဂျားယန် ဂိတ်ကနေ ဝင်ခွင့် ရပြီး တဖြည်းဖြည်း လမ်းလျှောက် ဝင်လာ ခဲ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်ဇာမြို့ကို ဝင်ခွင့် ရရှိရေး အတွက် သူတို့က (၃) ရက်လောက် အစာ အငတ်ခံ ဆန္ဒပြခဲ့တဲ့ အတွက်ကြောင့် အားပြတ်လို့ပါ” ဟု ကြိုဆိုရေး အဖွဲ့ ဥက္ကဌ ဦးဒွဲပီဆာ က ပြောသည်။
အဆိုပါ အဖွဲ့တွင် သံဃာတော် (၉) ပါး၊ အမျိုးသမီး (၁၁) ဦး အပါအဝင် စုစုပေါင်း (၅၃) ဦးခန့် ရှိပြီး လိုင်ဇာမြို့သို့ ကျန်းမာစွာ ရောက်ရှိ လာကြသည်။
ထိုအဖွဲ့သည် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ လဂျာယန်ရွာသို့ ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီ ခန့်က ရောက်ရှိခဲ့သော်လည်း ဒေသအခြေစိုက် အစိုးရတပ်က ဂိတ်ကို ဖြတ်ကျော်ခွင့် မပေးဘဲ ပိတ်ပင်ထားသဖြင့် (၄) ရက်ခန့် စောင့်ဆိုင်း ခဲ့ရသည်။
အစိုးရ တပ်ဖွဲ့ ဘက်မှ ထိုနယ်မြေအား ကန့်သတ် နယ်မြေ အဖြစ် ထားရှိကာ စည်းရိုးကာပြီး မိုင်းများ ထောင်ထား ခဲ့ရာ ကာထားသည့် စည်းရိုးများနှင့် ထောင်ထားသည့် မိုင်းများကို ဖယ်ရှား ပေးရန် ၄င်းအုပ်စု တွင်းရှိ လူအချို့မှ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့က စတင်ကာ အစာ ငတ်ခံ ဆန္ဒ ပြခဲ့ကြသည်။ ယင်းနောက် ယနေ့ နံနက် ၈ နာရီ အချိန်တွင် လဂျားယန်မှ လိုင်ဇာသို့ ထွက်ခွာခွင့် ရခဲ့သည်။
ကိုသန့်ဇင်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် လာသည့် အဖွဲ့သည် ဇန္နဝါရီလ မှ မတ်လအထိ ရက်ပေါင်း (၅၁) ရက်ခန့်ကြာမှ လိုင်ဇာမြို့သို့ ရောက်ရှိလာ ရသောကြောင့် လိုင်ဇာမြို့တွင်း ရက်အနည်းငယ်မျှ အနားယူ သွားရန် ရှိကြောင်း သိရသည်။