မှတ်ပုံတင်မရှိသဖြင့် နာဂတိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူဦးရေ ဆုံးရှုံးမှု ကြီးကြီးမားမား ကြံုတွေ့နေရသည်ဟု ရန်ကုန် နာဂကျောင်းသားလူငယ် အဖွဲ့ချူပ် (ဥက္ကဌ) ဦးနော်အောင်ဆန်းက မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
“တောင်တန်းမှာ နေတောင်တန်းမှာပျော် မြို့နဲ့ ဘာမှမဆိုင်ဆိုတဲ့ ပုဂ္ဂိုလ် များဖြစ်ကြတဲ့ နည်းတူမှတ်ပုံတင် ဆိုတာ အရေးမကြီးပါဘူး ဖြစ်ကြတဲ့အတွက် အခုချိန်မှာ လူဦးရေ ဆုံးရှုံးမှု ကြီးကြီး ကျွန်တော်တို့ ကြံုတွေ့နေရပါတယ်” ဟု ဦးနော်အောင်ဆန်းက ပြောသည်။
နာဂလူဦးရေ တိတိကျကျ စာရင်းရရှိရန် သန်းခေါင်းစာရင်း ကောက်ခံခြင်း မှတ်ပုံတင် လုပ်ပေးခြင်း ကိစ္စရပ်များမှာ အစိုးရ လုပ်ဆောင်ပေးရမည့် အပိုင်းသာဖြစ်ကြောင်း နာဂလူဦးရေ အပေါ် အခြေခံပြီး လူဦးရေ အများဆုံး နေထိုင်ရာ ဒေသများတွင် စာရင်း တိတိကျကျ လုပ်ထားခြင်း မရှိသောကြောင့် လေရှီး လဟယ်၊ နန်းယွင်းဒေသတို့မှာသာ မှတ်ပုံတင်ရကြောင်း နာဂတောင်တန်းဖွ့ံဖြိုး တိုးတက်ရေး ကွန်ယက်(အတွင်းရေးမှူး) ဦးဇော်ဝင့်ဖြိုးက ပြောသည်။
၎င်းက “မှတ်ပုံတင်မရှိလို့ ဆုံးရှုံးတယ် ဆိုတာက နာဂကိုယ်ပိုင် အုပ်ချူပ်ခွင့်ရ ဒေသက လူဦးရေ အပေါ် အခြေခံပြီး ဖွဲ့ထားတယ်။ လူဦးရေ အများဆုံး နေထိုင်ရာဒေသပေါ့။ သူတို့ရဲ့ မှတ်ပုံတင်ထားတဲ့ အပေါ်ကို အခြေခံပြီး လုပ်ထားတဲ့အတွက် ကျွန်တော်တို့က (၃)ဒေသ ပဲရတယ်။ အမှန်တကယ်ဆိုရင် စာရင်းသာ တိတိကျကျ ကောက်နိုင်ခဲ့ရင် ကျွန်တော်တို့ ဒီထက် ပိုရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နာဂတိုင်းရင်းသားတွေရဲ့ အသံပျောက်သွားတာပါ။” ဟု ပြောသည်။
မှတ်ပုံတင်ကိစ္စနှင့် ပတ်သတ်၍ ခရီးသွားလာမှု မရှိကြသဖြင့် ဗဟုသုတ မရှိကြကြောင်း၊ မှတ်ပုံတင် လိုချင်သူများမှာ မရနိုင်ကြကြောင်း ရန်ကုန် နာဂနှစ်ခြင်းမှ သင်းအုပ်ဆရာ ဦးစီမူထောင်းက ပြောသည်။
၎င်းက “ကျွန်တော်တို့ နာဂလူမျိူးတွေက စာမတတ်ဘူး။ နောက်တခုက ဆက်သွယ်လမ်းလဲ မရှိဘူး။ အဲဒီမှာ မှီတင်းနေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေက ခရီးသွားလာဖို့လဲ မလိုဘူး။ မှတ်ပုံတင်ကို တန်ဖိုးမထားဘူး။ ခရီးသွားဖို့ လိုတဲ့လူတွေပဲ လုပ်ကြပေါ့။ မှတ်ပုံတင်ဌာန(လ.၀.က)က လူတွေ အတင်းသွားလုပ်ပေးလဲ မလုပ်ချင်ဘူး။ အလကား လုပ်ပေးတာတောင်မှ သူတို့ မလုပ်ချင်ကြဘူး” ဟု ပြောသည်။
မှတ်ပုံတင် လုပ်ထားရမည်ကို သိသည့် ကျေးရွာများတွင်တော့ လုပ်ချင်သော်လည်း အချိန်နှင့် ငွေပါကုန်ပြီး မှတ်ပုံတင်တခု လုပ်ရသည်မှာ ခက်ခဲကြောင်း၊ မှတ်ပုံတင်မလိုချင်သူများက ရပြီး လိုချင်သူများက မရဖြစ်နေကြောင်း ဦးစီမူထောင်းက ပြောသည်။
၂၀၁၄ မှာသန်းခေါင်စာရင်း ကောက်ချိန်တွင် နာဂလူမျိူးများကို ထည့်သွင်း ကောက်စေချင်ပြီးတာဝန်ရှိသူ များက တိတိကျကျ မှန်ကန်သည့် စာရင်း ကောက်စေချင်ကြောင်း နာဂနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချူပ် (ခန္တီး) (အထွေထွေ အတွင်းရေးမှူး) ဆရာတော် ဦးစိန်မောင်က ပြောသည်။