KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်

KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်
by -
မဇ္ဈိမ

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်ထိ ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ တလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသည်။

KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်

အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - Hla Mg Shwe / Facebook)

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့်ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် ရပ်နားပြီး ညပိုင်း ၉ နာရီကျော်မှ ဆက်လက်ဆွေးနွေးခဲ့ရာ ဧပြီလ ၁၀ ရက်မတိုင်မီ ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် ပူးတွဲ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“သူတို့လိုချင်တာနဲ့ ကျနော်တို့လိုချင်တာနဲ့ မတူဘူး။ သူတို့ လိုချင်တာက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး မယ်ဆိုတာ အဓိကတင်ပြတယ်။ ကျနော်တို့က အတွေ့အကြံုရှိတော ့မထူးသေးဘူး။ လက်မှတ်ထိုးနိုင်လောက် တဲ့ အခြေအနေထိ ဆက်လက် ဆွေးနွေးမယ်၊ ကျနော်တို့က တထိုင်တည်းနဲ့ ဖြေရှင်းလို့မရဘူး။ တဆင့်ပြီး တဆင့် တက်သွားဖို့ပဲ။ နောက်တခါ ထပ်ဆွေးနွေးဖို့ဘဲ သဘောတူတယ်” ဟု KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားကပြောသည်။

ပူးတွဲ ထုတ်ပြန်ချက်တွင် ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်ပြေပြင်များကို ကွင်းဆင်းလေ့လာစောင့်ကြည့်ရန် နှင့်နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူခဲ့သည်။

ထို့ပြင် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များဆိုင်ရာကိစ္စများကို ဆက်လက် ညှိနှိုင်း
ဆောင်ရွက်သွားပြီး လိုအပ်သည့် ညွန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ၊ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွန်ကြားသွားရန် သဘောတူချက်တွင် ပါရှိသည်။

စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တဆင့်ပြီး တဆင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့ အပါအဝင် အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာမှ သံမှူးကြီး Mr Wang Zongying နှင့် နှစ်ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ လေးဦး၊ SSPP မှ နှစ်ဦး၊ RCSS မှ နှစ်ဦး၊ NDAA မှ နှစ်ဦးတို့လည်း ဆွေးနွေးပွဲတွင် ပါဝင်သဖြင့် အောင်မြင်မှု တခုအနေဖြင့် ရှုမြင်ကြောင်း ဦးဒွဲပီဆား က ပြောသည်။

၂၀၁၂ ခုနှစ်၊ မေလက ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲနှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ယမန်နေ့ထိ ၅ ကြိမ်မြောက် ဆွေးနွေးမှုတွင် နှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးသည်ကို တွေ့မြင်ရသဖြင့် အားရကျေနပ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

“ဒီတကြိမ်ကတော့ ပူးတွဲကြေညာချက်လို့ ပြောပေမယ့် သေချာဖတ်ကြည့်ရင်တော့ သဘောတူချက်ပါပဲ။
ပြည်သူတွေ အားလုံးအတွက် အစည်းအဝေး မှတ်တမ်းအနေနဲ့ ထုတ်ပြန်ချက်ကို လက်မှတ်ထိုးကြတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ၊ တပ်ဖက်ဆိုင်ရာ အရာရှိတွေ ပါတယ်။ UNFC တွေလည်း သက်သေအနေနဲ့ လက်မှတ် ထိုးတယ်။ ဒါဟာ သဘောတူညီချက်ပဲ။ ၁၀ လတာ ကာလအတွင်းမှာ ပထမဦးဆုံး လက်မှတ်ရေးထိုးနိုင်တယ် ပိုပြီးခိုင်မာတဲ့ အချက်လို့ ပြောလို့ရတယ်။ ၁၀ လအတွင်း အအောင်မြင်ဆုံးလို့ ပြောရမယ်” ဟု သုံးသပ်ပြောဆိုသည်။

Most read this week