ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဖွင့်လှစ်ပေးရန် အဆိုထပ်မံ တင်သွင်းမည်

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဖွင့်လှစ်ပေးရန် အဆိုထပ်မံ တင်သွင်းမည်
by -
ကန္တာရဝတီတိုင်း(မ်)

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွင့်လှစ်ပေးဖို့ အဆို ရှုံးနိမ့်သွားတယ်လို့ ဆိုသော်လည်း လာမည့်အစည်းအဝေးတွင် ယင်းအဆိုကို ထပ်မံတင်သွင်းဖို့ အစီအစဉ်ရှိတယ်လို့ ကယားပြည်နယ် ရှားတောမြို့ မဲဆန္ဒနယ်အမှတ် ရ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

"ရှုံးသွားတဲ့ကိစ္စကို ပြောရမယ်ဆိုရင် အားလုံးရဲ့စိတ်ထဲမှာကတော့ ဘဝင်မကျဘူးပေါ့နော်။ ဒါပေမယ့်လို့ ဒီအဆိုက အမျိုးသားလွှတ်တော်မှာ  ရှုံးတယ်ဆိုပေမယ့်လို့ ပြည်သူ့လွှတ်တော်မှာဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်မှာဖြစ်ဖြစ် ပြန်ပြီးတော့တင်ဖို့ စီစဉ်ကြတာရှိတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်တဲ့ ၂၁ ရက်မြောက်နေ့ မှာ ကယား(ကရင်နီ)ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဒင် (ခ) ဦးဌေးရယ်က ၎င်းအဆိုကို တင်သွင်းခဲ့ရာမှာ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ကန့်ကွက်မဲ ၈၇ မဲ ကြားနေမဲ ၁ မဲ ထောက်ခံမဲ ရ၆ မဲ ဖြင့် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဆင့်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရှိထားပြီဆိုသော်လည်း ပြည်ထောင်စုအဆင့် တွင် ရှိထားနိုင်မှသာလျှင် တိုင်းရင်းသားရေးရာ ကိစ္စအားလုံးကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

"တကယ်လို့တိုင်းရင်းသားရေးရာဝန်ကြီးတခု ပြည်ထောင်စုမှာရှိတယ်ဆိုလို့ရှိရင် တို့တိုင်းရင်းသား ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မည့် အနေအထားမျိုးရှိတာပေါ့။ သူတို့ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ ဗဟိုပြုချက် ပြည်ထောင်စုဝန်ကြီးအနေနဲ့ ထားမယ်ဆိုရင် သူတို့ရဲ့လက်အောက်မှာထားရင် ဒီ တိုင်းရင်းသားရေးရာ ကိစ္စတွေကို အားလုံးလှည့်ပတ်ပြီးတော့ ဆောင်ရွက်နိုင်မယ် ဆိုတဲ့အနေအထားရှိတာပေါ့"

၎င်းပြည်ထောင်စုအဆင့်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွင့်ပေးရေးအဆိုနှင့် ပတ်သက်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေအရ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် မလိုအပ်သဖြင့် ကန့်ကွက်မဲများ ရခြင်းဖြစ် သည်ဟု ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင်ပြောဆိုသွား ခဲ့သည်။

Most read this week