သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ လူသတ်မှုဖြင့် ထိန်းသိမ်းခံထားရသူ လီဖန် (ခ) မောင်ရဲအောင်ထွေးအား မူစယ်ခရိုင်တရားရုံးသို့ လွှဲပြောင်း စစ်ဆေးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“ကျနော်တို့ ၆ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းကိုဖုန်းဆက်တယ်။ စခန်းမှူး ရဲအုပ် ကျော်စိုးက တရားခံကို ခရိုင်ပို့လိုက်တာ ဟိုးလွန် ခဲ့တဲ့ ၄ ရက်နေ့ကတည်းကလို့ ပြောတယ်။ ရ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းမှာ လူတချို့ သွားတွေ့ခွင့်တောင်းတော့ မရှိတော့ဘူး။ အချုပ်ခန်းစောင့်ရဲက အချုပ်ခန်းကို Webcam နဲ့ တရားခံမရှိကြောင်း ပြတယ်။ တကယ်လဲမတွေ့ရဘူး” ဟု နမ့်ခမ်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
လူသတ်တရားခံ လီဖန် ဆိုသူအား နမ့်ခမ်းမြို့နယ်ရဲစခန်းက မူစယ်ခရိုင်ရုံးသို့ မတ်ခ်ျလဆန်းပိုင်းက လွှဲအပ်လိုက်ပြီးဖြစ်ကြောင်း၊ လာမည့် မတ်ခ်ျ ၁၄ ရက်နေ့၌ ထပ်မံရုံးချိန်းထားကြောင်း၊ တရားခံဘက်မှ လားရှိူးက ရှေ့နေတဦးအား ငှားရမ်းထားကြောင်း တရားလိုဘက်မှ မိသားစုဝင်များက ပြောသည်။
“၇ ရက်နေ့တုန်းက မူစယ်ခရိုင်တရားရုံးမှာ ရမန်ပြစစ်ဆေးတယ်။ ခရိုင်တရားသူကြီး ဦးသန်းထွေးက စစ်ဆေးတာ။ ၅ မိနစ် တောင်မကြာဘူး။ ရောက်တာနဲ့မြန်မြန်စစ်၊ ရုံးချိန်းပေးပြီး ရဲစခန်းကို မြန်မြန် ပြန်ပို့လိုက်တာ။ စောင့်ကြည့်သူ၊ ဓါတ်ပုံရိုက်တဲ့သူ တွေကို ရဲတွေက မောင်းထုတ်တယ်။ တခြားရဲတွေ ကလဲ လာကြည့်တဲ့လူအုပ်ကြီးကို ဓါတ်ပုံရိုက်ယူတယ်။”
ရဲတပ်ဖွဲ့ဝင်များက တရားရုံးသို့ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များ ကြောက်လန့်စေရန် ယခုကဲ့သို့ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် တရားခံအား ခေါင်းစွပ် စွပ်ထားသည့်အတွက် မည်သူမည်ဝါဟုပင် ပြောရန် ခက်ခဲကြောင်း အသတ်ခံရသူ၏ မိတ်ဆွေဖြစ်သူ အိုက်စိုင်းက ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က သျှမ်းပြည်နယ်နေ့ ပွဲခင်းအသွားလမ်း၌ နမ့်ခမ်းဒေသခံ စိုင်းအိုက်လိန်နှင့်အဖွဲ့အား လီဖန် (ခ) မောင်ရဲအောင်ထွေး နှင့်အဖွဲ့က ဓါးဖြင့် ဝင်ခုတ်ရာ စိုင်းအိုက်လိန် သေဆုံးသွားပြီး ၎င်း၏သူငယ်ချင်း စိုင်းလှိုင်းပန် ဓါးဒဏ်ရာ အပြင်းအထန် ရရှိကြောင်းသိရသည်။
ထို့အပြင် ဆိုင်ကယ်မောင်းပေးသူ အိုက်ဆမ် ဆိုသူကိုလည်း မူစယ်မှုခင်းရဲက ယခင်အပတ်အတွင်း ထပ်မံဖမ်းဆီးထားကြောင်းနှင့် ကျန်အဖွဲ့ဝင် ၃ ဦးအား ထပ်မံဖမ်း ဆီးရန် မူစယ်တရားရုံးက ဖမ်းဝရမ်း ထပ်ထုတ်ထားကြောင်း ရှေ့နေများ အသိုင်းအဝိုင်းမှ သိရသည်။
တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးသည် ပြည်သူ့လွှတ်တော်အမတ် (ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့် ခေါ် လီယုန်ချိန်၏ တူ တော်စပ်ပြီး အသတ်ခံရသူ စိုင်းအိုက်လိန်မှာ ကျားဖြူပါတီ ဉက္ကဌ၊ သျှမ်းပြည်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်း၏ မြေးတော်စပ်သဖြင့် တရားရုံးမှ မည်သို့ အပြစ်ပေးမည်ကို လူထုက စိတ်ဝင်စားနေကြသည်။