ဘင်္ဂလာဒေချ့် အဝကျွန်း ငှက်ချေကုန်းဘုရား အလှူခံ သေတ္တာ အခိုးခံရ

ဘင်္ဂလာဒေချ့် အဝကျွန်း ငှက်ချေကုန်းဘုရား အလှူခံ သေတ္တာ အခိုးခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နိုင်ငံ ပါတဝါခါလီ ခရိုင် ကောလာပါရာ မြို့နယ် အဝကျွန်း ဒေသရှိ ငှက်ချေကုန်း ဘုရား အလှူခံ သေတ္တာပုံးအား မသမာသူ တစ်စုက ခိုးယူသွားကြောင့် ဒေသအတွင်းက လူကြီး တစ်ဦးဖြစ်သူ ဦးဦးသာစိန်က နိရဥ္စရာသို့ ပြောသည်။

အဝကျွန်း ဒေသရှိ ငှက်ချေကုန်း ဘုရား

“သူတို့က တံခါးဖျက်ပြီး သိမ်ထဲကို ၀င်ပါတယ်။ ဖြစ်တာက ဒီလ ၉ ရက်နေ့ နံနက်် အစောပိုင်းမှာ ဖြစ်တာပါ။ အလှူခံ သေတ္တာကို ခိုးယူသွားပါတယ်။ ပီးရင် ငွေတွေကို ယူပြီး အလှူခံ သေတ္တာကို ဘုရားသိမ် အနီးမှာ ဖျက်ဆီးပစ်ထားခဲ့ပါတယ်” ဟု သူက ပြောသည်။

ဘုရားရုပ်ပွားတော်အား တစ်စုံတစ်ရာ ဖျက်ဆီးခြင်း မရှိသော်လည်း  ဘုရားရှိ ကြေးစည် တစ်လုံးကို လည်း မသမာသူများက ယူဆောင်သွားသည်ဟု ဆိုသည်။

လက်ရှိ ဘင်္ဂလာဒေချ့်တွင် လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်မူများ ပေါ်ပေါက်နေသဖြင့် ဘုရားကျောင်းများတွင် ရဲအစောင့်အရှောက်များ ချထားသည့်ကြားက ခိုးယူသွားခဲ့သည်ဟု ပြောသည်။

“ရဲသား သုံးယောက်ရှိပါတယ်။ ဒါပေမယ့် သူတို့က သိမ်မှာ မရှိဘူး။ ကျောင်းမှာဘဲ နေကြတယ်။ ဒီကြားထဲက သိမ်က အလှူခံ သေတ္တာပုံးနဲ့ ကြေးစည်ကို ခိုးယူသွားတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ဗုဒ္ဓဘာသာ သိမ်တော်မှ အလှူခံ သေတ္တာပုံး အခိုးခံရသည် ဆိုသော သတင်းကြောင့် အဆိုပါနေ့ နံနက်တွင် ခရိုင်ရဲတာဝန်ရှိသူများ ချက်ချင်း ရောက်ရှိလာပြီး သိမ်နှင့် ဘုန်းကြီးကျောင်းအား လာရောက် စစ်ဆေးသွားသည်ဟု ဆိုသည်။

၎င်းပြင် ကျောင်းထိုင် ဆရာတော် ဦးဥတ္တမအား တိုင်ကြားစာ တစ်စောင် ရေးသားခိုင်းပြီး စာအား ရဲတာဝန်ရှိသူများ ယူဆောင်သွားသည်ဟု ဆိုသည်။

ရဲတာဝန်ရှိသူများသည် မသင်္ကာသူ ဘင်္ဂလီ အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့်တွင် အခြေအနေ မတည်ငြိမ်မူများနှင့် အတူ ဟိန္ဒူ လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူ လူနည်းများ အနေဖြင့် လုံခြံုရေးကို  အထူး စိုးရိမ်လျှက် ရှိနေကြောင်း သိရသည်။

Most read this week