KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီဆွေးနွေးပွဲ မပြီးပြတ်သေး

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီဆွေးနွေးပွဲ မပြီးပြတ်သေး
by -
မဇ္ဈိမ

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအကြား ၁၃ ကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တနင်္လာနေ့ မနက်က ဆွေးနွေးခဲ့ကြသည်။

အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက် အပေါ် KIO ဗဟိုသို့ တင်ပြစောင့်ဆိုင်း နေ၍ ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် ရပ်နားခဲ့ပြီး ညနေပိုင်းအထိ ပြန်လည် ဆွေးနွေးနိုင်ခြင်းမရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“အစိုးရဘက်ကနေ ငြိမ်းချမ်းရေးရဖို့ အပစ်အခတ် ရပ်စဲလုပ်ရမယ်။ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုး နိုင်အောင် လုပ်ရအောင်ဆိုပြီး တင်ပြတဲ့အပေါ် KIO ဘက်မှ အပစ်အခတ်ရေး မူအရ လက်ခံတယ်။ အပစ်အခတ် ရပ်စဲပြီးနောက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ အသေးစိတ် ဆွေးနွေးဖို့ လိုတယ်ဆိုပြီး ပြောတယ်” ဟု ဦးလမိုင်ဂွမ်ဂျာ က မဇ္စျိမကို ပြောသည်။

ညပိုင်းတွင် ဆက်လက်ဆွေးနွေးရန် ရှိပြီး “အပစ်အခတ် ရပ်စဲပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်း လုပ်မယ်။ ဆက်ဆံရေးရုံး ဆက်ထားမယ်။ IDP ပြန်လည်ထူထောင်ရေးလုပ်မယ်။ ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပေါက်အောင် ပြည်သူအကျိုး လုပ်မယ်ဆိုပြီး အစိုးရဘက်က တင်ပြတယ်” ဟု ၎င်းကဆက်ပြော သည်။

ယနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး စသည့်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်တို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သက်သေအဖြစ် တက်ရောက်ခဲ့သူ တရုတ်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဝေါင်း က ပီကင်းမြို့သို့ ယနေ့ည ၉ နာရီချိန်တွင် ပြန်လည်ထွက်ခွာရန်ရှိရာ ၎င်းရှိနေစဉ် ဆွေးနွေးမှု အဆုံးသတ်လို သဖြင့် ညနေ ထမင်းစားပြီးနောက် ဆွေးနွေးမှု ပြန်လည် စတင်မည် ဖြစ်ကြောင်း ဦးဂွမ်ဂျာက ပြောသည်။
 
ထူးခြားချက်မှာ မကြာသေးမီက တိုက်ပွဲ ဖြစ်ပွားခဲ့သော နှစ်ဖက် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမှ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်နှင့် အဖွဲ့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲအတွင်း လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကိုယ်စားလှယ်အဖြစ် ကရင်အမျိုးသား အစည်းအရုံးမှ ဒေးဗစ် သာကပေါ၊ မွန်ပြည်သစ်ပါတီ MNSP မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုပ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး (၁) ခူဦးရယ်၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA/SSPP မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့်အဖွဲ့၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် SSA/RCSS မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့်အဖွဲ့၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မှ ဦးအိုက်ရှားလနှင့် ဝါဒဖြန့်ချိရေးနှင့် ပညာရေးဌာ တာဝန်ခံ ဦးခမ်းမောင်တို့ တက်ရောက်ခဲ့သည်။

KIO ဘက်မှ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကို ဖိတ်ခေါ်ခဲ့သော်လည်း တရုတ်အစိုးရက
ပြည်ဝင်ခွင့် မပေးသဖြင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

“ကျနော်တို့ သွားဖို့ တင်တာဘဲ စနေ၊ တနင်္ဂနွေနဲ့သွားတိုးတော့ လမ်းဖြတ်ခွင့် တင်တာ ကျမလာလို့လေ။ ကျနော်တို့ တင်တာ နည်းနည်းနောက်ကျသွားလို့ မသွားနိုင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

'၀' အဖွဲ့မှ ပြည်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကွမ်းအန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဌာနမှူး ဦးပေါက်ယူလျန်နှင့် ဦးအောင်မြင့်တို့ သုံးဦး တက်ရောက်ရန် စီစဉ်ခဲ့သည်ဟုလည်း ဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာကိစ္စများ အဓိက ပါဝင်သဖြင့် ယခင် ဆွေးနွေးပွဲများထက် ကောင်းသည့် အလားအလာအဖြစ် ရှုမြင်ကြောင်းနှင့် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကြကြောင်း တရုတ်နယ်စပ် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောသည်။

 “ဒီနေ့ ထူးခြားတာက တပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ပါတော့ ထူးခြားချက် ပိုများတယ်။ တပ်တွေ ရွှေ့ပြောင်း ရေးတို့၊ စစ်ရှိန်လျော့ရေးတို့၊ တပ်အင်အား လျော့ရေးတို့ ပါတာပေါ့။ အစိုးရဘက်မှာ တိုင်းမှူးနှစ်ယောက် ပါတယ်။ ပန်ဝါဒေသဆိုင်ရာ တပ်မှုးတွေ ပါတယ်။ တိုက်တဲ့ တိုက်ပွဲကို ညွန်ကြားတဲ့လူတွေ ပါတာပေါ့” ဟု သုံးသပ်ပြောကြားသည်။