ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တလတာအတွင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ရော်ဘာ အဆင့်စုံ တန်ချိန် ၈,၀၀၀ ကျော် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ရော်ဘာပို့ကုန် လုပ်ငန်းရှင်များထံက ဆိုသည်။
“ဖေဖေါ်ဝါရီလထဲမှာ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုကနေ ရော်ဘာ အဆင့်စုံ ၈,၀၄၂ တန် တင်ပို့ ရောင်းချခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၃.၂၀၄ သန်း ရရှိခဲ့ပါတယ်” ဟု နယ်စပ်ကုန် သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။
RSS-1 ၊ RSS-3 ၊ MSR-20 ၊ MSR-50 စသည့် ရော်ဘာမျိုးစုံကို နယ်စပ်မှတဆင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ရော်ဘာစျေးနှုန်းများမှာ နိုင်ငံတကာ စျေးနှုန်းများနှင့်အတူ လိုက်ပါပြောင်းလဲနေရာ ဖေဖေါ်ဝါရီ
နောက်ဆုံးပတ်တွင် ကမ္ဘာ့ရော်ဘာစျေးနှုန်း ကျဆင်းခဲ့၍ မြန်မာ့ရော်ဘာစျေးနှုန်းများလည်း ကျဆင်းခဲ့ရသည်။
“၁ တန်ကို ဒေါ်လာ ၁၀၀ လောက် ကျလာပါတယ်။ စျေးက ဆက်ကျနေပြီး တရုတ်အဝယ်က လေးနေတယ်။
ပြည်တွင်း ကုန်သည်တွေအနေနဲ့ စျေးကျလို့ဆိုပြီး သိမ်းမထားနိုင်ပါဘူး။ ဆက်ပို့နေရတာပါပဲ” ဟု ရော်ဘာ လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။
မတ်လ ၁၁ ရက်နေ့ ရော်ဘာ ပေါက်စျေးနှုန်းများမှာ RSS-1 ၁ တန်လျှင် ၃,၀၉၀ ဒေါ်လာ၊ RSS-3 နှင့် MSR ၁ တန်လျှင် ၃,၀၄၀ ဒေါ်လာ၊ MSS-5 နှင့် MSR-50 ၁ တန်လျှင် ၂,၉၅၀ ဒေါ်လာ အသီးသီး ရှိနေကြောင်း သိရသည်။
မြန်မာ့ ရော်ဘာများကို တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ် နှင့် အိန္ဒိယနိုင်ငံတို့က ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်င်ငံတွင် ရော်ဘာကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး တနင်္သာရီနှင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြသည်။
ရော်ဘာ တင်ပို့သူများအနေဖြင့် တန်ဖိုးမြင့်ကုန် ထုတ်လုပ်ရန် နည်းပညာ အားနည်း၍ ကုန်ကြမ်းအဖြစ်သာ တင်ပို့လျက်ရှိကြသည်ဟုလည်း သိရသည်။