ပဲခူးတိုင်း အတွင်းတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့်လည်း နီးသောနေရာတွင် ဆက်လက် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှှံလိုသည့် Incheon International Airport Corporation (IIAC) အား ကိုရီးယား ပို့ကုန်-သွင်းကုန်ဘဏ်က ကူညီမည်ဟု တောင်ကိုရီးယား အခြေစိုက် The Korea Herald (ကိုရီးယား သံတော်ဆင့်) သတင်းစာက မတ်လ ၁၀ ရက်နေ့က ရေးသားထားသည်။
ထိုလေဆိပ် တည်ဆောက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၆၀၀ အထိ ကုန်ကျနိုင်သည်ဟု
မျှော်မှန်းထားကြသည်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ ခွင့် ရရှိရန်အတွက် လျှောက်လွှာတင်ကြရန် ကုမ္ပဏီများအား ဖိ်တ်ခေါ်ခဲ့သည်။ စီမံကိန်းကို ၁၉၉၄ ခုနှစ်တွင် ကိုရီးယား ကုမ္ပဏီ တခုက စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် စီမံကိန်း ရပ်ဆိုင်းသွားခဲ့သည်။
အာရှ၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စုစုပေါင်း ကုမ္ပဏီ ၃၀ သည် စီမံကိန်းအတွက် လျှောက်လွှာ တင်ခဲ့ကြကာ ငွေကြေးအင်အား၊ အတွေ့အကြံု၊ ဝန်ထမ်းအင်အားနှင့် စက်ပစ္စည်း ကိရိယာ စုံလင်မှုတို့ကို အခြေခံ၍ ထိုအထဲမှ ကုမ္ပဏီ ရ ခုကို စီမံကိန်းအတွက် ပဏာမ ရွေးချယ်ခဲ့သည်။
ထိုသို့ ပမာဏ ရွေးချယ်ခံထားရသော ကုမ္ပဏီ ရ ခုထဲတွင် Incheon Airport Consortium အပြင် မြန်မာ၊
ဟောင်ကောင်၊ စင်္ကာပူနှင့် ပြင်သစ် ကုမ္ပဏီများ ပူးပေါင်းပါဝင်ထားသည့် Bouyeges Batiment International လည်း ပါဝင်သည်။
ယခုနှစ် ဇွန်လကုန်တွင် ၎င်းကုမ္ပဏီ ရ ခု ထဲမှ ကုမ္ပဏီတခုကို အပြီးသတ် ရွေးချယ်လိမ့်မည်ဟု မျှော်လင့်ရကာ စီမံကိန်းအား အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်စနစ် သို့မဟုတ် BOT စနစ် (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း စနစ်) ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှှု ဥပဒေအရ အကောင်အထည် ဖော်သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှှု ဦးစီးဌာနက ဆိုသည်။
IIAC အနေဖြင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်နှင့် အလွတ်သဘောစာချုပ် တခု ချုပ်ဆိုထားပြီး ထိုစာချုပ်အရ လေဆိပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပုံနှင့် ပတ်သတ်သည့် ကျွမ်းကျင်မှှုများ ဝေမျှပေးရန်နှင့် ကိုရီးယား ပို့ကုန်-သွင်းကုန် ဘဏ်မှ ကြီးကြပ်ကွပ်ကဲနေသည့် စီးပွါးရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှှု ရန်ပုံငွေ (EDCF) အစီအစဉ်ဖြင့် အတိုးနှှုန်းနည်းပါးသော ချေးငွေများကို Incheon Airport Consortium အား ထုတ်ချေးနိုင်ရန် အပြန်အလှန် သဘောတူညီ ထားကြသည်ဟု The Korea Herald သတင်းစာတွင် ဖော်ပြထားသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ယခုနှစ် ဇူလိုင်လတွင် ဆက်လက် တည်ဆောက်မည်် ဖြစ်ပြီး သုံးနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားကြသည်။
ထိုလေဆိပ်သစ် တည်နေရာသည် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၄၈ မိုင် အကွာတွင် တည်ရှိပြီး ပဲခူးတိုင်း ထဲတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တခု ဖြစ်သည်။ ထိုလေဆိပ်သစ် သည် တနှစ်လျှင် ခရီးသည် ၁၀ သန်း အထိ လက်ခံနိုင်မည် ဖြစ်သည်။
ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေးတွင် တည်ဆောက်မည့် ယင်းလေဆိပ်မှာ မြန်မာနိုင်ငံတွင်အကြီးမားဆုံး နှင့် အဆင်မီ နိုင်ငံတကာလေဆိပ်အဖြစ် ဧက ပေါင်း ၉,၆၀၀ ကျော် အကျယ်ဖြင့် အကောင်အထည်ဖေါ်မည် ဖြစ်သည်။
ဟံသာဝတီ လေဆိပ်မှာ လက်ရှိမင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆခန့် ကြီးမားပြီး စင်္ကာပူနိုင်ငံရှိ ချန်ဂီ လေဆိပ်၊ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိ လေဆိပ်ကြီးများကဲ့သို့ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အာရှဒေသအတွင်း အရေးပါလာမည် ဖြစ်ကြောင်း သိရသည်။