သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရ ရခိုင်ရဟန်းတော်အား ရန်ကုန်တွင် ဂုဏ်ပြုပူဇော်

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရ ရခိုင်ရဟန်းတော်အား ရန်ကုန်တွင် ဂုဏ်ပြုပူဇော်
by -
နိရဥ္စရာ

သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ်၊ ဘွဲ့လွန်ပါဠိနှင့်ဗုဒ္ဓဘာသာပညာသင်ကျောင်းမှ ၂၀၁၂ ခု နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပါရဂူဘွဲ့ ရရှိခဲ့သူ ဒေါက်တာအသျှင်ဉာဏုတ္တရ အား ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့တွင် မတ်လ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရ ရခိုင်ရဟန်းတော်အား ရန်ကုန်တွင် ဂုဏ်ပြုပူဇော်

အခမ်းအနားအား အလိုတော်ပြည့် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယဝံသ၊ အလိုတော်ပြည့်ဆရာတော်ကြီးမှဦးစီး၍ ကျောင်းဂေါပကအဖွဲ့နှင့် တပည့်ဒါယကာ၊ ဒါယိကာမတို့မှ ပူဇော်ချီးမြှောက်ခြင်း  ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရ သည် ရခိုင်အမျိုးသားရဟန်းတော်များထဲမှ ပထမဦးဆုံးနှင့် မြန်မာ ပညာတော်သင် ရဟန်းတော်များထဲမှ ပ ဉ္စမမြောက် အနေဖြင့် ပါရဂူဘွဲ့ (ဗုဒ္ဓဘာသာပညာ) (Ph.D. in Buddhist Studies) ကို  ရရှိခဲ့သော ရဟန်းတော် ဖြစ်သည်။

သူ၏ ဘွဲ့ယူ စာတန်းမှာ “ရခိုင်ပြည်နယ်အပေါ်မှာ ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာသက်ရောက်မှုကို သမိုင်းကြောင်း နှင့် ယဉ်ကျေးမှုကြောင်းအရလေ့လာမှု ” (“A Historical and Cultural Study of the Influence of Buddhism on Inhabitants of Arakan State”)  ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲတွင် ပါရဂူဘွဲ့ရဆရာတော် နှင့်အတူ ၀ိနည်းပိဋကတ် အာဂုံအောင် ၀ိနယဓရ ဆရာတော် တစ်ပါး၊ မဟာဝိဇ္ဇာ (M.A.) ဘွဲ့ရ (၃) ပါး၊ အစိုးရစာချတန်း ကျမ်းပြီး၊ ဆွဲ (၆) ပါး၊ နိကာယ်စာမေးပွဲအောင် (၁) ပါး၊ ပထမကြီးတန်းအောင် (၃၄) ပါး၊ ပထမလတ်တန်းအောင် (၃၇) ပါး၊ ပထမငယ်တန်းအောင် (၄၃) ပါး စုစုပေါင်း စာအောင် ရဟန်းတော် (၁၂၆) ပါးလည်း ပါ၀င်ကြောင်းသိရသည်။

အခမ်းအနားတွင် လေးဝတီ ရခိုင်မင်္ဂလာ စည်တော်အဖွဲ့ မင်္ဂလာ ခရုသင်းမှုတ်ပြီး မင်္ဂလာစည်တော် တီးခတ်ပြီးလျင်၊ နိုင်ငံတော်အဆိုကျော် နန်းဝင်းနှင့် အဖွဲ့မှ မြောက်ဦးမြို့နယ် အထက် လေညှင်းတောင် ဆရာတော် ဘဒ္ဒန္တဇယန္တဗောဓိ ရေးသားပူဇော်အပ်သော မင်္ဂလာပိုဒ်စုံရတု နှင့် ဧကပိုဒ် ရတုတို့ဖြင့် ပရိသတ်များမှ ပူဇော်ခဲ့ကြသည်ဟု သိရသည်။

ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ အလိုတော်ပြည့်ဆရာတော်ကြီးကိုယ်တိုင် ဦးစီးပဓာနပြု တက်ရောက်ပြီး တာမွေမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်၊ တာမွေလေးရပ်ကွက် သံဃနာယကဥက္ကဋ္ဌဆရာတော်၊ တာမွေ – မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက် ဗုဒ္ဓဝါဒီကျောင်း- ဆရာတော်၊ တာမွေ – ဓမ္မသုခကျောင်းဆရာတော်၊ ဒဂုံဆိပ်ကမ်း အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိ၀ံသ အပြင် အခြား ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များ လည်းတက်ရောက် ချီးမြှောက်ပေးခဲ့ကြ ကြောင်း သိရသည်။

၄င်းအပြင် ပူဇော်ပွဲသို့ အလိုတော်ပြည့်ဂေါပကအဖွဲ့၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့်အတူ မြန်မာ နိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ယခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ကနေဒါနိုင်ငံမှ နိုင်ငံခြားသား ၃ ယောက်လည်း ထူးထူးကဲကဲ  တက်ရောက် အားပေး ချီးမြှောက် ခဲ့ကြောင်း လည်းသိရသည်။

အခမ်းအနားအပြီးတွင် ပါရဂူဘွဲ့ရ ရသေ့တောင်မြို့ – ကိန်းသာဓမ္မကျောင်းဆရာတော် အား သတင်းထောက် များမှ ဆရာတော်အား ပါရဂူဘွဲ့ရရှိခဲ့ပုံနှင့် လက်ရှိသာသနာပြုလုပ်ငန်းများ အကြောင်းကို မေးမြန်း လျှောက်ထား ခဲ့ကြကြောင်းလည်းသိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရ အား ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့၏ နဝမမြောက်သား ဖြစ်သည်။ ယခုအခါ  သိက္ခာတော် (၁၀) ၀ါ ရှိပြီ ဖြစ်ပြီး  ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်းအားလည်း ဒေါက်တာအသျှင်ဉာဏုတ္တရ က ဦးစီး တည်ထောင်နေ ကြောင််း သိရသည်။

အခမ်းအနားကို နံနက် ၉းဝဝ နာရီမှ စတင်ကာ  ဆင်ယင် ကျင်းပခဲ့ကြောင်း သိရသည်။

Most read this week