မြန်မာမှ ဘင်္ဂလာဒေချ့်သို့တင်သွင်းလာသော AK 47 သေနတ် ၃၃ လက် မီဇူရမ်တွင် ဖမ်းမိ

မြန်မာမှ ဘင်္ဂလာဒေချ့်သို့တင်သွင်းလာသော AK 47 သေနတ် ၃၃ လက် မီဇူရမ်တွင် ဖမ်းမိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့်သို့ တင်သွင်းလာသော စက်သေနတ် တစ်လက် အပါအဝင် အေကေ ၄၇ သေနတ် ၃၃ လက်ကို အိန္ဒိယ နိုင်ငံ မီဇူရမ်တွင် ဖမ်းဆီးရမိကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က လွန်ခဲ့သော သောကြာနေ့က ထုတ်ဖေါ်ပြောဆိုသည်။

ဖမ်းဆီးရမိသော လက်နက်များကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Morung)

အိန္ဒိယ ရဲတပ်ဖွဲ့နှင့် အာသံ ရိုင်ဖယ် တပ်ဖွဲ့မှ လွန်ခဲ့သော ကြာသပတေးနေ့နှင့် သောကြာနေ့က မီဇူရမ်ပြည်နယ် အိုင်ဇိုးမြို့ရှိ Lengpui လေဆိပ် အနီးရှိ လယ်တဲ တစ်ခုကို နှစ်ကြိမ်တိုင်တိုင် စီးနှင်း ၀င်ရောက် ရှာဖွေစဉ် စက်သေနတ် တစ်လက် အပါအဝင် အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နှင့် လက်နက် ခဲယမ်း မီးကျောက်များကို ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့၏ ထုတ်ဖေါ်ပြော ကြားသည်။

၎င်းပြင် အဆိုပါ လက်နက် ခဲယမ်းများနှင့် ဆက်စပ်နေသူများဟု သံသယ ဖြစ်ခံရသူ ဘင်္ဂလာဒေချ့် နိုင်ငံသား (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ (၃) ဦးမှာ မိုနီ ထရိပူရ၊ ရိုဘီ ချက်ကမာ(သက် လူမျိုး)နှင့် ဆာဘူဂျီး ချက်ကမာ (သက် လူမျိုး) တို့ ဖြစ်ကြသည်။

ကြာသပတေးနေ့က ရှာဖွေမူတွင် အေကေ ၄၇ လက်နက် ၂၃လက်၊ စင်္ကာပူလုပ် စက်သေနတ် တစ်လက်နှင့် အမေရိကန်လုပ် Browning မောင်းပြန် ရိုင်ဖယ် သေနတ် တစ်လက်တို့ ပါ၀င်သည်။

ဖမ်းဆီးသူများ၏ ထုတ်ဖေါ်ပြောကြားချက် ကျန်မောင်းပြန်ရိုင်ဖယ် သေနတ်များကို သောကြာနေ့တွင် ထပ်မံ ရှာဖွေ ဖမ်းဆီးနိိုင်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသော သေနတ်များကို မြန်မာနိုင်ငံမှ တင်သွင်းလာကြောင်း ဘင်္ဂလာဒေချ့် သတင်းစာများတွင် အိန္ဒိယ သတင်းများကို ကိုးကားပြီး ဖေါ်ပြကြသော်လည်း အသေးစိတ် တစုံတရာ ရေးသားထားခြင်း မရှိပေ။

အဆိုပါ သေနတ်များမှာ ဘင်္ဂလာဒေချ့်တွင် လူနည်းစု အခွင့်အရေး အတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်သော လက််နက်များ ဖြစ်ဖွယ်ရှိကြောင်း အများက ဝေဖန် သုံးသပ် ပြောဆိုသည်။

Most read this week