“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းနှင့် ရခိုင်တို့၏ ကံကြမ္မာ” စာတမ်းကို သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် ဖတ်ကြားမည်

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းနှင့် ရခိုင်တို့၏ ကံကြမ္မာ” စာတမ်းကို သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် ဖတ်ကြားမည်
by -
နိရဥ္စရာ

သြစတြေးလျ နိုင်ငံ ကင်ဘရာ အမျိုးသား တက္ကသိုလ်တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံနှင့် ဆိုင်သော ညီလာခံတွင် “ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းနှင့် ရခိုင်တို့၏ ကံကြမ္မာ” စာတမ်းကို ဖတ်ကြား သွားမည်ဟု သိရသည်။

ဒီမိုကရေစီ အရေး လှုပ်ရှားမူကြောင့် ၈၈ နောက်ပိုင်း နှစ်ပေါင်းများစွာ ထောင်နန်းစံနေခဲ့ရသူ ဦးဦးလှစော။

၎င်းစာတန်းကို ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောမှ တင်သွင်း ဖတ််ကြားသွားမည် ဖြစ်သည်။

ဦးဦးလှစောသည် ၎င်းစာတမ်းအား ဖတ်ကြားရန် အတွက် မြန်မာနိုင်ငံမှ ဒုဝန်ကြီးတစ်ဦး အပါအဝင် တစ်ခြား မြန်မာနိုင်ငံသား တစ်ဦးနှင့် အတူ ယခုလ ၁၃ ရက်နေ့တွင် ရန်ကုန်မှ တဆင့် သြစတြေးလျ နိုင်ငံသို့ ထွက်ခွာမည်ဟု သိရသည်။

“ကျွန်တော့်ကို ၁၃ ရက်နေ့ သွားမှာပါ။ ဖိတ်ကြားတာက သြစတြေးလျ အမျိုးသားတက္ကသိုလ်ကနေ ဖိတ်တာပါ။  ၂၀၁၃ ခု မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကွန်ဖရင့်တခု လုပ်မယ့် အဲဒီမှာ စာတမ်းတွေကို ကျွန်တော်တို့  အသီးသီး တင်သွင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကျွန်တော့်ကို စာတမ်း တခု ဖတ်ကြားဖို့ အတွက် ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားတာ ဖြစ်ပါတယ်” ဟု ဦးဦးလှစော  ပြောသည်။

ဖတ်ကြားမည့်  “မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းနှင့် ရခိုင်တို့၏ ကံကြမ္မာ” စာတမ်းတွင် ပါရှိသော အဓိကအချက်များနှင့် ပတ်သက်ပြီး ဦးဦးလှစောက ယခုကဲ့သို့ ပြောသည်။

“စာတမ်းက အဓိက အပိုင်း သုံးပိုင်း ပါ၀င် ပါတယ်။ ပထမ တစ်ပိုင်းကတော့ ၂၀၀၈ ဖွဲ့့စည်းပုံနဲ့ ကျွန်တော်တို့ ရခိုင်ပြည် နိုင်ငံရေး အခြေအနေပါ။ နောက်တစ်ပိုင်းက ဘင်္ဂလီ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး တပိုင်းပါ။ တတိယအပိုင်းက အာဏာ ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးနဲ့ ရခိုင်ပြည်ရဲ့ ပထဝီ နိုင်ငံရေးပါ။ ကျန်တာတွေကတော့ ရခိုင်ပြည်မှာရှိတဲ့ ပါတီတွေ အကြောင်းကို အကျဉ်းပါ။ အဓိကတော့ သုံးပိုင်းပါဘဲ။”

သြစတြေးလျ အမျိူးသားတက္ကသိုလ်တွင် နိုင်ငံတကာမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး နှစ်စဉ်ကျင်းပလေ့ ရှိသော ကွန်ဖရင့် တွင် သူ၏ စာတမ်းကို ဦးဦးလှစောမှ မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် တင်သွင်း ဖတ်ကြား သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို နိုင်ငံတကာမှ ပညာရှင်များ ရှေ့တွင်  တင်ပြ သွားနိုင်မည်ဖြစ်သဖြင့် ရခိုင်ပြည်သူများ အတွက် တစုံတရာ အကျိုးရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးဦးလှစောက ပြောသည်။

“စာတမ်းမှာပါတဲ့ ရခိုင်တို့ရဲ့ ကံကြမ္မာဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လက်ငင်းကြံုတွေ့နေရတဲ့ သယံဇာတ ခွဲဝေရေး ပြဿနာ၊ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတော့ အာဏာ ခွဲဝေရေးပြဿနာတွေ၊ တခြား ရခိုင်ပြည်မှာ တရုတ်တို့ အိန္ဒိယတို့ လာရောက်ရင်းနှီးမြှုပ်နှံပေမယ့် ရခိုင်ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အရေး မရတဲ့ ပြဿနာ၊ သယံဇာတ ခွဲဝေ သုံးစွဲခွင့် မရတဲ့ အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊  ရခိုင်ပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာအား လုံးကို အခြေခံပြီးတော့ အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ဖို့ အတွက် အခြေခံမူတွေကိုပါ အားလုံးထည့်သွင်းထား ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်၏ ၂၀၁၂ ခုနှစ်ထိ ဖြတ်သန်းခဲ့တဲ့ အကြောင်းကို အကျဉ်းချုပ်ပြီးတော့ နိုင်ငံရေးအရ သုံးသပ်ထားတဲ့ စာတမ်းဖြစ်တဲ့အတွက် အကျိုးရှိလိမ့်မယ်လို့  ယုံကြည်ပါတယ်” ဟု ပြောသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းနှင့် ရခိုင်တို့၏ ကံကြမ္မာ” စာတမ်းကို သြစတြေးလျ အမျိုးသား  တက္ကသိုလ်မှ ပြန်လည် စီစစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ထုတ်ဝေသွားမည်ဟု သိရသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတမ်းကို မြန်မာပြည်သူတရပ်လုံး ဖတ်ရှု့ လေ့လာနိုင်ရန် အတွက် မြန်မာဘာ သာဖြင့် ထုတ်ဝေဖြန့်ချီသွားရန် အစီအစဉ် ရှိသည်ဟု ဦးဦးလှစောက ပြောသည်။

Most read this week