စစ်မှန်တဲ့ပြည်ထောင်စုရဖို့ ၂၀၀၈ ကိုမပြင်လို့မရ

စစ်မှန်တဲ့ပြည်ထောင်စုရဖို့ ၂၀၀၈ ကိုမပြင်လို့မရ
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့  ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်က တောင်ကြီးမြို့၌ ကျင်းပသော ငြိမ်းချမ်းရေးအတွက်ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ် - ကယားပြည်နယ် ( ဓါတ်ပုံ-SNLD)

မေး။    ။ လာမယ့် ၂၀ ရက်နေ့ကစပြီး သျှမ်း-ကယား ယုံကြည်မှုအတွက် တည်ဆောက်ခြင်းဆွေးနွေးပွဲ အတွက် လုပ်မယ် လို့ကြားသိရပါတယ်။ ဆရာတို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့် အဲဒီ ခရီးစဉ်မှာပါဝင် ရသလဲ။

ဖြေ။    ။ ကျနော်တို့ ကယန်းပြည်သစ်အပါအဝင် ကယားပြည်နယ်အတွင်းမှာရှိတဲ့ တရားဝင်နိုင်ငံရေးပါတီ၊ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ အားလုံး ၈ ခုတက်ရောက်မှာပေါ့။ တက်ရောက်တဲ့ရည်ရွယ် ချက်ကတော့ နိုင်ငံရဲ့အနာဂတ် ပြည်ထောင်စု အနာဂတ်ကို အဖွဲ့အစည်းအသီးသီးက အမြင်သဘောထား တွေကို ပွင့်ပွင့်လင်းလင်းတင်ပြမယ်၊ ဂရုတစိုက် နားထောင်မယ်။ တိုင်းရင်းသားအဖွဲ့အစည်းကြားက တူညီမှုကိုရှာဖွေဖို့၊ တွေ့ရှိတဲ့တူညီမှုကို သျှမ်းပြည် - ကယား ပြည်နယ် တင်မကဘဲ တခြား ပြည်နယ်နဲ့တိုင်း က တိုင်းရင်းသားတွေနဲ့ အမြင်သဘောထားကိုညှိနှိုင်းဖို့။ အဲဒီအခြေခံတခုရအောင် လုပ်ပြီးငြိမ်းချမ်းရေး လမ်းကိုလျှောက်လှမ်းဖို့ပါ။

မေး။    ။ ဆိုလိုတဲ့သဘောက အဲဒီနိုင်ငံရေးပါတီက ကယားပြည်လူထုတခုလုံးရဲ့ဘယ်အဆင့်အထိ ကိုယ်စားပြုတာလဲ။

ဖြေ။    ။ ကယားပြည်နယ် / ကရင်နီပြည်နယ်မှာ တရားဝင်နိုင်ငံရေးပါတီအနေနဲ့ တခုရှိတယ်။ နောက်တခါ အပစ်ရပ်ထား တဲ့အဖွဲ့ ၆ ဖွဲ့ရှိတယ်။ အပစ်ရပ်နိုင်ဖို့အတွက် ဆွေးနွေးဆဲ ကေအဲန်ပီပီတဖွဲ့ရှိတယ်။ ဒီ ၈ ဖွဲ့စုပေါင်းပြီး ကရင်နီပြည်နယ် တခုလုံးကို ကိုယ်စားပြုနိုင်ပါတယ်။ ဒီအဖွဲ့အတွေအပြင် လေ့လာသူအနေနဲ့ တက်မယ့် ကယားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့၊ အမျိုးသမီး အဖွဲ့ ၂ ဖွဲ့ စုပေါင်းလိုက်ရင် ကရင်နီပြည်နယ် တနည်းအားဖြင့် ကယားပြည်နယ်က ပြည်သူလူထုကို ကိုယ်စားပြုနိုင် မယ်ထင်ပါတယ်။

မေး။    ။ ဆရာတို့လုပ်နေတဲ့လမ်းစဉ်ကနေပြီးတော့ အနာဂတ်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်တဲ့ ဒုတိယပင်လုံတို့ အတွက် ဘယ်လောက်အထိ မျှော်မှန်းထားသလဲ။

ဖြေ။    ။ ရည်မှန်းချက်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကလဲ အစစ်အမှန်လိုချင်တယ်။ ပြည်ထောင်စုကိုလည်း စစ်မှန်တဲ့ ဖက်ဒရယ် ကိုလိုချင်တယ်။ ဒီနှစ်ခုကိုအကောင်အထည်ဖော်ဖို့ ၂၀၀၈ ဥပဒေကိုပြင်မှဖြစ်မယ်။ အဲဒီဖွဲ့စည်းပုံကိုပြင်မယ်ဆို ကြည့်လိုက် တော့ တခုလုံးလိုလို ပြင်ရမယ်ဆိုတော့ အသစ်ပြန်လည်ရေးဆွဲ ရတာမျိုးဖြစ်ကောင်းဖြစ်မယ်။ အဲလိုလုပ်ဖို့ ကျတော့ လွှတ်တော် အတွင်း နည်းလမ်းနဲ့က လုပ်ဖို့တော်တော် ခက်တယ်။ ဒါကြောင့်ကျနော်တို့ကတော့  ဒု ပင်လုံ ညီလာခံ ဘဲခေါ်ခေါ် နာမည်အားဖြင့်ဘယ်လိုခေါ်ခေါ် တိုင်းရင်းသားပေါင်းစုံတက်ရောက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ နိုင်ငံလုံးချုပ် ညီလာခံကြီးတရပ်ကို တော့ ကျင်းပဖို့လိုမယ်။ အဲဒီအဆင့်အထိ ကျနော်တို့ ရည်မှန်းပြီးတော့လုပ်မယ်။

မေး။    ။ ပြည်ထောင်စုအစစ်အမှန်လိုချင်တယ်။ အစိုးရအသစ်လဲရှိလာပြီ။ တချို့ကလဲ ၂၀၀၈ ဖွဲ့စည်းပုံကလဲ ဖက်ဒရယ်အပြည့် ပေးထားတယ်။ ဆိုတော့ အာဏာရအစိုးရနဲ့ လက်ရှိအခြေအနေကိုဘယ်လိုပြောချင်ပါသလဲ။

ဖြေ။    ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကိုပြည်ပြည့်ဝဝ စစ်စစ်မှန်မှန် တည်ဆောက်ရေး အတွက် ဘဲဖြစ်ဖြစ် ပြည်ထောင်စုအစစ်အမှန်တည်ဆောက်ရေးအတွက်ဘဲဖြစ်ဖြစ် အဟန့်အတားဖြစ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဘဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မတခုချင်း သေသေချာချာ လေ့လာဆန်းစစ်မယ်ဆိုရင် နိုင်ငံတော်အာဏာကို စစ်တပ်က ထိန်းချုပ်နိုင်အောင် ရေးဆွဲထားတဲ့ဥပဒေတရပ်ဖြစ်တယ်။ ဥပမာအားဖြင့် ပုဒ်မ ၄၀ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ သူတယောက်ထဲ ရဲ့သဘောထားနဲ့နိုင်ငံတော်အာဏာ ပိုပြီးသိမ်းယူနိုင်တဲ့ အနေအထား ဖြစ်တယ်။

နောက်တခုက ပြည်ထောင်စု  အနေနဲ့ပြောမယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ပြည်နယ်အတွင်းမှာရှိတဲ့  သက်ဆိုင်ရာ မဲဆန္ဒရှင်တွေက ရွေးချယ်တင်မြောက်ခွင့်ရှိတာမဟုတ်ဘဲနဲ့ အထက်က ခန့်အပ်တဲ့သူတွေဖြစ် တယ်။ အလားတူ ကျနော်တို့ ပြည်ထောင်စု ဥပဒေပြုစာ ရင်း  ပြည်နယ်ဥပဒေပြုစာရင်း တွေကိုလေ့လာကြည့် မယ်ဆိုရင်တော့ ပြည်နယ်အစိုးရတွေက ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျနော်တို့တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် တိုတိုနဲ့လိုရင်းကိုပြောရင် ၂၀၀၈ ဥပဒေအရ လုပ်နေတဲ့ ပါတီစုံစနစ်ဟာ အစစ်အမှန်မဟုတ် သေးဘူး။ ပြည်ထောင်စုဆိုတာလဲ အစစ်အမှန်မဟုတ်သေးဘူး ပြည်ထောင် စုအမည်ခံထားတဲ့ တပြည်ထောင် စနစ်ဘဲဖြစ်တယ်။

မေး။    ။ လာမယ့် လားရှိုးမှာလုပ်မယ့် ဆွေးနွေးပွဲအတွက် ဘယ်လိုများဖြည့်စွက်ပြောကြားချင်သေးလဲခင်ဗျ။

ဖြေ။    ။ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ် သို့မဟုတ် အသစ်ရေးဆွဲ တာက မုချလုပ် ရမယ့် လုပ်ငန်းတခုဖြစ်တယ်။ ဒီလုပ်ငန်းဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းရင်းသား အားလုံး ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင် နေတဲ့လုပ်ငန်းကြီး ဖြစ်တယ်။ ဒီလုပ်ငန်းကြီးအောင်မြင်အောင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူ လူထုတရပ် လုံး တက် တက်ကြွကြွ ညီညီညွတ်ညွတ်လုပ်ဆောင် ရမယ့်ကိစ္စဖြစ်တယ်။ ဒီလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် တပြည်လုံး က တိုင်းရင်း သားအပါအဝင် တိုင်းရင်းသားအားလုံး ပြည်သူတရပ်လုံး ဝိုင်းဝန်းပါဝင်ကြပါ ကြိုးစားကြပါလို့တိုက် တွန်းလို ပါတယ်။

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ၊ သျှမ်းပြည်နယ် ကယားပြည်နယ် အတွက် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆွေးနွေးပြင်ဆင်မှုကို ဂျန္နဝါရီလ ၂၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ မှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ  သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်၊ ဝ အမျိုးသားစည်းလုံး ညီညွတ်ရေး ပါတီ၊ အင်းတိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါ တီ၊ ကယန်းအမျိုးသားပါတီ၊ သျှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ သျှမ်းပြည်တိုးတက်ရေးပါတီသျှမ်းပြည် တပ်မတော် SSPP/SSA  ၊ ကယန်းပြည်သစ်ပါတီ KNLP ၊ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ စတဲ့ အဖွဲ့အစည်း ၉ ခုတက်ရောက်ခဲ့ပါတယ်။

Most read this week