သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ယခု တစ်ပတ်အတွင်း ကျပ်ငါးထောင်တန်ငွေစက္ကူ အတုများ နေရာတိုင်း ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။
“ကျနော့် ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်က သစ်ခုတ်သမား ၂ ယောက်က ဆိုင်ကယ်လာဝယ်တာ။ ငါးထောင်တန် အတု ငါးရွက်ပါလာတာ။ ၀ယ်တဲ့သူပြန်သွားမှ တွေ့တယ်။ လာဝယ်တုန်းက ငွေရေစက်နဲ့ ပဲရေတွက်တာ ဆိုတော့လေ။ ရွက်ရေပြည့်၊ မပြည့်လောက်ဘဲ ဂရုစိုက်မိတာကိုး။ ခါတိုင်းဆို အတုမှမရှိတာ ။ အခု တစ်ရွက်ချင်း စီပြန်စစ် ကြည့်မှ အတုဖြစ်မှန်း သိတော့တယ်” ဟု နမ့်ခမ်းမြို့မှ ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။
တရုတ်ဖြစ် ငွေစက္ကူ ရေတွက်သည့်စက်မှာ တရုတ်ငွေအတု ကိုသာ စစ်ဆေးသိရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်ငွေစက္ကူသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသောကြောင့် ဖြစ်ကြောင်း၊ မြန်မာငွေစက္ကူများ ကိုမူ အဆိုပါတရုတ်စက်များမှ အတုအစစ် မစစ်ဆေးနိုင်ကြောင်း ၄င်းက ဆိုသည်။
အလားတူ နမ့်ခမ်းမြို့မှ ကုန်စိမ်းသည် ပါ့နွမ်းက “မနေ့က ပိုက်လိုင်းစီမံကိန်း က တရုတ်တွေ ကျမဆီက ဟင်းရွက်စိမ်းတွေလာဝယ်တာ ငါးထောင်တန် အတုပါတယ်။ ကျမက ကိုင်ကြည့်လိုက်တော့ အတုမှန်း ချက်ချင်းသိလို့ ပြန်လဲပေးခိုင်းတယ်။ စီမံကိန်းက လူတွေ တကယ်မသိလို့ သုံးနေတာလား။ ဒါမှမဟုတ် သိသိကြီးနဲ့ သုံးနေကြတာလား မသိတော့ဘူး” ဟု ပြောသည်။
ငါးထောင်တန် အတု နှင့် အစစ် ခြားနားပုံများမှာ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” အစား “မြန်မာနိုင်ငံတော် ဗဟို တဏ်” ဟု ရေးသားရိုက်နှိပ်ထားပြီး ငွေစက္ကူ မှာလဲ ဖယောင်းသုတ် ထားသကဲ့သို့ ချောမောမာကြော နေခြင်း၊ ငါးထောင်တန်၏ညာဘက် ဆင်ပုံ အရိပ်အောက်တွင် ၅၀၀၀ ဂဏန်းက စောင်းနေခြင်းနှင့် ငွေရောင် လုံခြုံရေးမျဉ်းကလည်း ငွေစက္ကူနှင့် ကပ်မနေခြင်း စသည်တို့တွေ့ရကြောင်း ဘဏ်နှင့် နီးစပ်သူတစ်ဦး ကဆိုသည်။
အဆိုပါ ငါးထောင်တန် ငွေစက္ကူအတုများသည် တရုတ်ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်နေသူများ၊ မီးသွေး နှင့် သစ်ကုန် သည်များထံမှ ထွက်လာကြောင်း ဒေသတွင်း သတင်းရပ်ကွက်များက ပြောဆိုနေကြသည်။