၀ုိင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်း ရေမလုံလောက်

၀ုိင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်း ရေမလုံလောက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ တရုတ်မြန်မာနယ်စပ် မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည် စခန်းတွင် ရေလှောင်ကန်နှင့် ရေပိုက်များ အခက်ခဲဖြစ်နေသောကြောင့် ရေသုံးစွဲမှု မလုံမလောက်ဖြစ်နေကြောင်း သိရသည်။

၎င်းစခန်းတွင် အိမ်သာရေမှအစ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းကြောင့် ဒုက္ခသည်များ၏ တကိုယ်ရည် သန့်ရှင်းမှု အားနည်းလာကာ ရောဂါလက္ခာ အမျိုးမျိုးဖြစ်ပွားလာမည်ကို  ကျန်းမာရေး ဌာနမှစိုးရိမ်နေကြောင်း ဒုက္ခသည် ကြည့်ရှုနေသူတစ်ဦးက ပြောသည်။

“ချောင်းငယ်လေးတွေထဲက ရေနည်းနည်းဘဲရတာကို လူအများကသုံးစွဲနေရတယ် ဆိုတော့ အရမ်းခက်နေ ကြတာလေ.... ရေကန်ကြီးရှိရင်တော့ အဲဒီမှာရေတွေစုပြီးအားလုံး သုံးစွဲလို့ရတယ်…အခုတော့ ညဘက်မှာ ရေတွေက အလကားစီးသွားတာ ရေကန်ကြီးမရှိတော့အရမ်းဒုက္ခရောက်တယ်။”

မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ၂ မိုင်ခန့်ဝေးသည့် ငှာဂယန်ဘွမ် (Nga Gyang Bum) တောင်ခြေဘက်မှ ရေများကိုသွယ်ယူ သုံးစွဲနေရသဖြင့်  မလောက်မငှဖြစ်နေသည်ဟု သိရသည်။

မိုးတွင်းကာလတွင်  မြစ်ချောင်းများမှ သောက်သုံးရေကို ရေပိုက်ဖြင့် သွယ်ယူ၍ လုံလောက်စွာ သုံးစွဲနိုင်သော်လည်း ယခုကဲ့သို့ နွေရာသီအချိန်တွင် ရေခမ်းခြောက်မှုကြောင့် ရေမလုံလောက်မှု အခက်အခဲ ပိုမိုရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ ကျန်းမာရေးဆရာ နော်ဆန့်က KNG ကချင်သတင်းဌာနသို့ပြောသည်။  

“မနှစ်တုန်းကတော့ ဒီနှစ်လောက်ထိမခက်ဘူး… ဒီနှစ်ကလူတွေလဲများလာတော သစ်ပင်တွေခုတ်လိုက်လို့ လားမသိဘူး ရေကပိုခမ်းလာတာတွေ့တယ်။” ဟုပြောသည်။

လောလောဆယ်တွင် ဒုက္ခသည်များ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ နေ့စဉ် လူ ၃ ယောက်ခန့် ဆေးခန်းသို့ ရောက်ရှိလာသလို နှာစေးချောင်းဆိုး၊ အသဲရောင် အသားဝါရောဂါ ဖြစ်သူများနှင့် အစာအိမ်ရောဂါ ခံစားနေရသူများလည်း ရှိနေကြောင်း  မုန်ဂါဇွပ်ကျန်းမာရေး ဌာနမှပြောသည်။

မုန်ဂါဇွပ်ဒုက္ခသည်စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ထောက်ပံ့ပေးနေပြီး လာမည့် မတ်လ အထိသာ ဆက်လက်ကူညီနိုင်မည် ဖြစ်သောကြောင့် အခက်အခဲနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြကြာင်း ဒုက္ခသည်စောင့်ကြည့်သူများက ပြောသည်။
 
မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week