ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက် တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက် တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီး ချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

ဆေးရုံတွင် သတင်းမေးလာသူများကို တွေ့ရစဉ်။

“ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့ အပြန်မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ်ပြီး ထိန်းမရဘဲ ထော်လာဂျီပါ၊ လူတွေပါ တခါတည်း တောင်ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပြီး တစ်ဦးသေပြီး သုံးဦး ဒဏ််ရာ ရသွားခဲ့ပါတယ်” ဟု ကမ်းထောင်းကြီး ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ကမ်းထောင်းကြီး ကျေးရွာမှ အဘ ဦးတင်ချေ၏သား အသက် (၃၀နှစ်)အရွယ် ဇော်သန်းချေ ဆိုသူဖြစ်သည်။

ထွေလာဂျီ တိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူ တဦး အပါအဝင် စုစုပေါင်း ၅ ဦး စီးနှင်း လိုက်ပါလာသည်ဟု ဆိုသည်။

ထွေလာဂျီ မောင်သူမှာ လမ်းခုလတ်မှ  ခုန်ဆင်းကျန် လိုက်သဖြင့် တစ်စုံတစ်ရာ ထိိခိုက်မူ မရှိခဲ့သော်လည်း ထွေလာဂျီနှင့် အတူ ပါသွားသူ ၄ ဦးထဲတွင် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။

“ဒဏ်ရာရတဲ့ လူ ၄ ဦးထဲက ဒဏ်ရာပြင်းတဲ့ လူတဦးကို အမ်း ဆေးရုံကို ယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင်စဉ်မှာ လမ်းမှာ ဒီကနေ့ မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ ၂ ဦးကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသ နေပါတယ်” ဟုဆိုသည်။

ဒဏ်ရာ ရသူများ အထဲမှ မောင်သောင်းခင်မှာ အမ်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့် ကိုလမုမောင်မှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိ ကြောင်း သိရသည်။

ယခုအခါ ထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ သည်ဟု သိရှိရသည်။

Most read this week