မွန်ပြည်နယ် ရေးမြို့နယ်တွင် အလင်းအိမ် လူငယ်စာဖတ်အသင်း၊ နှလုံးလှလူငယ်အဖွဲ့ နှင့် ရေးမြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများ စုပေါင်းကျင်းပသော ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးစီး နိုင်ခဲ့ကြောင်း စာပေဟောပြောပွဲ စီစဉ်သူ ကိုကျော်စိုးတင့်က ပြောသည်။
“ကျနော်တို့ ရေးမြို့နယ်မှာက စာဖတ်တဲ့လူတွေ တအားနည်းနေတယ် စာပေဟောပြောပွဲ ပြုလုပ်ခြင်းဖြင့် စာဖတ်တဲ့လူတွေများလာမယ်၊ စာပေဟောပြောပွဲကနေ ရလာတဲ့ အသိတရားကနေပြီးတော့ အမှားအမှန် တွေကို သူတို့ခွဲခြားတတ်လာမယ် အဲဒီရည်ရွယ်ချက်နဲ့ အခုလို စာပေဟောပြောပွဲကို လုပ်ရတာပါ” ဟု ကိုကျော်စိုးတင့်က ပြောသည်။
ရေးမြို့ ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို မတ်လ ၂ – ၃ ရက်နေ့က ရွှေဆံတော်စေတီ ဓမ္မာရုံ၌ ပြုလုပ် ခဲ့ပြီး ပထမရက်တွင် တက်ရောက်သူ ၆၀ဝ ခန့် ရှိကြောင်းနှင့် ဒုတိယရက်တွင် တက်ရောက်သူ ၈၀ဝ ခန့် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
စာပေဟောပြောပွဲ ပထမရက်တွင် ဆရာဟိန်းလတ်မှ (ဆင်းရဲခြင်းလွတ်ကင်အောင်)၊ နှင့် နုနုရည် (အင်းဝ)က (ကဗျာဆရာတစ်ယောက်မွေးဖွားခြင်း) စသော ခေါင်စဉ်ဖြင့် ဟောပြောခဲ့သည်။ ဒုတိယနေ့တွင် ဆရာကျော်ဝင်းမှ (မြန်မာ့လူမှုနိုင်ငံရေးတန်ဖို့နှင့် ဒီမိုကစီအပြောင်အလဲ) နှင့် ဆရာမ ဂျူး မှ (ရသစာပေ၌ မွေ့လျော်ခြင်း) စသည့် ခေါင်စဉ်များဖြင့် ဟောပြောကြောင်း သိရသည်။
“အဓိက ကတော့ စာပေဟောပြောပွဲကို အဓိက ထားတာပေါ့ ဒါပေမဲ့ ကျနော်တို့ ဒီမှာလာဟောပြောတဲ့ ဆရာတွေရဲ့ စာအုပ်တွေကိုလည်း ဟောပြောပွဲ လာတဲ့လူတွေကို ကံစမ်းမဲဖောက်ပေးပါတယ်၊ ၂ ညလုံး ကံစမ်းမဲ ဖောက်ပေးပါတယ်” ဟု ပွဲစီစဉ်သူ ကိုကျော်စိုးတင့်က ပြောသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလကလည်း ဥတ္တရအလင်း စာကြည့်တိုက်မှ ဦးစီး၍ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဒုတိယအကြိမ်စာပေဟောပြောပွဲအား ၃ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့ စာပေဟောပြောပွဲတွင် ဒါရိုက်တာ ကြည်စိုးထွန်း၊ နုနုရည်(အင်းဝ)၊ ဒေါ်သန်းမြင့်အောင်၊ ကာတွန်းဝင်အောင်၊ ကျော်ဝင်း၊ အော်ပီကျယ် တို့မှ ဟောပြောသွားသည်။