စစ်ပြေငြိမ်းရာတွင် တပ်တည် သတ်မှတ်ရန် လိုဟု KIA ကဆို

စစ်ပြေငြိမ်းရာတွင် တပ်တည် သတ်မှတ်ရန် လိုဟု KIA ကဆို
by -
ရွှေဟသာင်္

ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ အဖွဲ့တို့ လာမည့် မတ်လ ဒုတိယ ပတ်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု KIA စစ်ရုံးချုပ် အရာရှိတစ်ဦးက ပြောပါသည်။

“တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကျနော်တို့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တဖက်နဲ့တဖက် အပြန်အလှန် စာအဆက်အသွယ် တော့ ရှိပါတယ်။ အစိုးရဘက်က ဘယ်နေ့တွေ့ကြမယ် ဘယ်သူတွေ လာကြမယ်ဆိုတာ အကြောင်း ပြန်ကြားတာတော့ မရှိ သေးဘူး ဆိုတော့ ဘယ်လို ဆွေးနွေးပွဲ မျိုးလဲ ဆိုတာ တိတိ ကျကျတော့ ပြောလို့ မရသေးဘူး။” ဟု ဆိုပါသည်။

KIA ဒုဦးစီးချုပ်၏ အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး ၀န်ထမ်းရှင်းလင်းပွဲ

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့၌သာ ဖြစ်ဖွယ် ရှိသည်ဟု ဆိုပါသည်။ KIA သည် လာမည့် ဆွေးနွေးပွဲ၌ အစိုးရ တပ်တည် ကိစ္စနှင့် တပ်နေရာ ချထားရေးကို တင်ပြရန် ရှိနေကြောင်း ဆိုပါသည်။

KIA သည် အစိုးရနှင့် စစ်ပြေ ငြိမ်းရန် တရုတ် အစိုးရ၏ ကြားဝင် ဖြန်ဖြေမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် တရုတ်ပြည် ရွှေလီမြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။  ဤတွေ့ဆုံပွဲမှ KIA နှင့်အစိုးရတို့ စစ်ပြေငြိမ်းရေးကို ယေဘူယျ သဘောတူ နိုင်ခဲ့သည်။

ဆွေးနွေးပွဲ ကိုလည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နှစ်ဖက် ထပ်မံ တွေ့ဆုံကြရန် သဘောတူညီချက် ရရှိထားသော်လည်း အစိုးရ စစ်ဆင်ရေးများ ဆက်လက် ရှိနေခြင်းနှင့် ၄င်းတို့ ၀န်ထမ်းများအား ရှင်းလင်း တင်ပြရန် ရှိနေသေးသဖြင့် KIA ဘက်က ဆွေးနွေးရန် အသင့် မရှိသေးကြောင်း ရက်ရွေ့ဆိုင်း ခဲ့ရပါသည်။

ဤသို့ကြောင့် KIA သည် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ အပေါ် KIA ၀န်ထမ်း များ၏ သဘောထားကို ရယူရန် မတ်လ (၄) ရက်နေ့၌ လိုင်ဇာမြို့ပေါ်ရှိ ဝန်ထမ်း များအား တွေ့ဆုံခဲ့ပါသည်။ KIA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု ဆိုပါသည်။