ဒေသခံပြည်သူတွေက ကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းက ခနှောက်စိမ်းသန့်စင်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းထားရတယ်လို့ ကုမ္ပဏီဒါရိုက်တာက ပြောပါတယ်။
"လောလောဆယ်ကတော့ ဟို ရပ်ဆိုင်းထားတယ်။ …..အဓိက ကတော့ အဲ့ဒီ လူထု ကန့်ကွက်တာလည်း ပါတာပေါ့ အဲ့ဒီ လူထုကန့်ကွက်လို့ နည်းနည်းရပ်ဆိုင်းထားတယ်။ ပြီးတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျနော်တို့ လူထုကို သဘောပေါက်အောင် ထိပ်ဆုံး သွားပြောရမှာပေါ့" လို့ သိန်းမျက်လုံး ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်မောင်မောင်က ပြောပါတယ်။
ကယောနီ KNPDP အဖွဲ့မှ သိန်းမျက်လုံးကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီး ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်း ယခု ၂၀၁၃ ခုနှစ် နှစ်စပိုင်းကစပြီး ခနောက်စိမ်းသန့်စင်ရေး စက်ရုံစီမံကိန်းစတင် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါတယ်။
စက်ရုံ တည်ဆောက်နေတဲ့နေရာဟာ စိမ့်စမ်းရေထွက်ပေါက်တွေနဲ့ ရေချောင်းများ တည်ရှိနေတဲ့အတွက် ရေအရင်းအမြစ် ပျက်စီးဆုံးရှုံးမှာကို ဒေခံတွေက စိုးရိမ်တဲ့အတွက် စီမံကိန်းကို ကန့်ကွက်နေကြပါတယ်။
စက်ရုံက ထွက်လာတဲ့ အညစ်အကြေးတွေကြောင့် အဓိက ဒေသခံတို့ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင် တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်ကို မျိုးဆက်သစ်တွေ မရင်ဆိုင်ရလေအောင် အခုလို ကန့်ကွက်မှုတွေ ပြုလုပ်ထားတာဖြစ်ကြောင်း ဒေသခံ မကက်တရုက ပြောပါတယ်။
စီမံကိန်းတည်ဆောက်ခြင်းဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံတွေအလုပ်လက်မဲ့ မဖြစ်ရလေအောင် ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ကြောင်း ကယောနီအဖွဲ့ရဲ့ ဆက်ဆံရေး တာဝန်ခံလည်းဖြစ်တဲ့ ဦးမြင့်မောင်မောင်က ပြောပါတယ်။
ကယောနီအဖွဲ့အနေနဲ့ ဒေသခံလူထုတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့်လုပ်ရပ်မျိုး ပြုလုပ်မှာမဟုတ် တဲ့အတွက် ကန့်ကွက်ထားတဲ့ စီမံကိန်းကို ဒေသခံတို့အား နားလည် သဘောပေါက်တဲ့အထိရှင်းပြပြီး သဘောတူညီချက်ရရှိတဲ့ အခြေအနေမှသာ စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဆောင်မှာဖြစ် တယ်လို့ ဆိုပါတယ်။
စက်ရုံတည်ဆောက်တဲ့ နေရာအနီးတဝိုက်က ရေအရင်းအမြစ်တွေဟာ မိုဆိုကျေးရွာ အုပ်စုအပါအဝင် ဖရူဆိုမြို့ပေါ်နှင့် ဒီးမော့ဆိုမြို့ပေါ်ရှိ ငွေတောင်ဆည်အတွင်းသို့ စီးဆင်းသွားတဲ့ ရေသောက်မြစ်လည်း ဖြစ်တယ်လို့ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေကပြောပါတယ်။