ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရ စစ်တပ်အင်အားများ ယခုရက်ပိုင်း အတွင်း တိုးချဲ့ပို့ဆောင်နေကြောင်း KIO နှင့် ကျောင်းသားတပ်ဖွဲ့က ပြောသည်။
မတ်လ ၁ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာသို့ အစိုးရ စစ်ကား အစီး ၄၀ ကျော် တက်လာပြီး မတ်လ ၂ ရက်နေ့တွင် ဗန်းမော် ကားလမ်းဘက်မှ ဒေါ့ဖုန်းယန်မြို့နယ် သို့ စစ်ကားအစီး ၂၀ ကျော် တက်လာသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး
နောက် လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သော်လည်း မြစ်ကြီးနား-လိုင်ဇာ လမ်းရှိ ဝိုင်းမော်မြို့နယ် အတွင်း ဤရက်ပိုင်းတွင် အစိုးရ စစ်တပ် လှုပ်ရှားမှုများ ရှိလာခြင်း ဖြစ်သည်။
KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးတာဝန်ခံ ဦးဒွဲပီဆား က “သူတို့ ဂန်ဒေါင်ယန်ကနေ ဒီဘက်မှာ အစိုးရ တပ်စခန်းတွေ အများကြီးရှိတယ်။ နာ့ဖော့ ဘက်မှာလည်း သူတို့ စခန်းတွေရှိတော့ အဲဒီကနေပြီး တခြားစခန်း တွေဘက် ရိက္ခာပို့တာတို့၊ လူပြောင်းတာတွေတော့ ရှိတယ်။ ခုချိန်က အဲဒီလို တပ်လှုပ်ရှားသွားလာတာ မလုပ်သင့်ဘူး။ ဒါပေမယ့် သူတို့က မသင့်တော်တာက သူတို့ အတွက် အရေးမကြီးဘူး၊ သူတို့အလုပ် အောင်မြင်ဖို့ပဲ ကြည့်တယ်” ဟု ပြောသည်။
ဒေါ့ဖုန်းယန်ဘက်မှာလည်း အစိုးရစစ်တပ် အပြောင်းအလဲများ ရှိနေကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ ချီဖွေ-ပန်ဝါဒေသဘက်တွင် အစိုးရ စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် KIO တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ်ဘက်မှ လက်နက်ဖြင့် ပစ်ခတ်မှုများ ကြိုးကြားကြိုးကြား ရှိသေးကြောင်း ဦးဒွဲပီဆား က မဇ္စျိမကို ပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံတွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံစဉ် စစ်ရှိန်လျော့ရန် သဘောတူညီခဲ့ကြသလို မတ်လ ဒုတိယအပတ်တွင်း ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
လိုင်ဇာအနီးတဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ကူညီရန်အတွက် ကုလသမဂ္ဂက နေပြည်တော်မှ အစိုးရထံ တင်ပြထားကြောင်းကို KIO ထံ အကြောင်းကြားလာသည်ဟုလည်း ဦးဒွဲပီဆား က ပြောသည်။
“အထက် အစိုးရကို ခွင့်တောင်းထားတယ်။ တင်ပြထားတယ်ဆိုတော့ ဒီဒုက္ခသည် ကူညီဖို့ ခွင့်တောင်းပြီးမှ
ပေးမယ်ဆိုတော့ ကူညီမယ်ဆိုတော့ မျှော်လင့်ချက် မရှိဘူး” ဟု ဆိုသည်။
၂ နှစ်ခန့်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တသိန်းကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဖားကန့်မြို့ နယ်ရှိ စစ်ပြေးဒုက္ခသည်များအား ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ် သွားေရောက် ကူညီနိုင်ခဲ့သည်။