၀ုိင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း တွင် ဆေးဝါးလိုအပ်

၀ုိင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း တွင် ဆေးဝါးလိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” ဒုက္ခသည်စခန်းတွင် အအေးမိ နှာစီးချောင်းဆိုး ဖြစ်ပွားနေပြီး အားဆေးများလိုအပ်နေကြောင်းသိရသည်။  

ရာသီဥတုအပြောင်းအလဲနှင့် ဒုက္ခသည်စခန်းများတွင် ဖုံထူထပ်နေခြင်း၊ သောက်သုံးရေ ခက်ခဲနေခြင်း တို့ကြောင့် ယခုလကဲ့သို့ ဖြစ်ပွားနေပြီး ၁ ရက်လျင် အယောက် ၂၀ ခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှော အရေပြား ရောဂါဖြစ်သူများ၊ သွေးတိုးဖြစ်သူများ နေ့စဉ် ဆေးခန်းသို့ ရောက်လာသောကြောင့် ဆေးမပြတ်သွားရန် လိုအပ်နေကြောင်း ကျန်းမာရေး ဆေးခန်းမှဆိုသည်။
 
ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှ စ၍ ရောဂါ ဖြစ်သူ ပိုများလာပြီး အထူးသဖြင့် ယခုချိန် ကလေးငယ်များ အတွက် နှာစီးချောင်းဆိုးဆေး၊ ဝမ်းလျှောဝမ်းပျက်ဆေးနှင့် အားဆေးများ လိုအပ်နေကြောင်းကျမ်းမာရေး ဌာနမှ ဆရာယော်ထုံပြောသည်။

“ဆေးတွေက မလောက်ဘူးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက KBC တွေကြည့်နေတာ KBC တွေလဲ ၄၊ ၅ လမှ တခါပေးနိုင်တယ်။ ဒုက္ခသည်တွေအတွက် တစ်လမှာ ၁၀ သိန်း လောက် ကုသပေးနေတာဆိုတော့ ဆေးတွေကမလောက်ဘူးပေါ့နော” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ဒုက္ခသည်စခန်းမှ ဆေးခန်းသို့နေ့တိုင်း လူနာမပြတ်ရှိနေသော်လည်း သေဆုံးမှုထိမဖြစ်သေးကြောင်းနှင့် ယခုချိန် HIV/ အဆုတ် TB ဖြစ်ပွားနေသူ ၁ ဦးသာ ရောဂါလက္ခဏာဆိုးဝါး နေကြောင်း  ကျမ်းမာရေးဌာနမှ ပြောသည်။

“ဇ” ဒုက္ခသည်စခန်းတွင် ဥရောပနိုင်ငံများရှိ လူမှုကူညီရေး ကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့မှ ကူညီပေးသည့် အစား အသောက်ကို ဇန်နဝါရီလ ၃၀ ရက်နောက်ဆုံးရ ရှိသော်လည်း ဆက်လက်ပြီး ကူညီမှုရရှိမရရှိ မသေချာသေးသောကြောင့် စိုးရိမ်ပူပန်နေကြောင်း ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။

“အခုလောလောဆယ် အစားအစာကို ဘယ်သူပြန်ပြီးကျွေးမလဲ ဘယ်လိုရစားရတော့မလဲဆိုပြီးအရမ်းစိတ် ဆင်းရဲနေတယ်။ တချို့က စားသောက်ဖို့ရန် ခက်ခဲနေပြီ၊ အခုက ဘယ်သူပြန်ပြီး ကူညီမယ်ဆိုတာမသိဘူး…ပြောလဲမပြောဘူး..”

“ဇ” ဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၅၅၆ ဦး ခိုလုံလျက်ရှိပြီး ဆေးဝါးပြတ်လပ်သည့်ကြားမှ ဖျားနာနေသူများသည် ဆေးခန်းသို့နေ့စဉ် မပြတ် လာရောက်၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဆေးဝါးများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမိန့် (ကူမင်း) နှစ်ခြင်းခရစ်ယာန်အသင်းတော် (Kunming Baptist Church) မှ အနည်းငယ် ကူညီပေးနေသော်လည်း ထပ်မံလိုအပ်နေခြင်းဖြစ်သည်ဟု ကျမ်းမာရေးဌာနမှပြောသည်။

Most read this week