မြန်မာနိုင်ငံနှင့် ဆက်သွယ်သည့် နယ်စပ် ကားလမ်းများ ပြုပြင် ဖောက်လုပ်ရန် အတွက် ကမ္ဘာ့ဘဏ္ဍာ အရင်းများထံမှ အကူအညီများ တောင်းခံရန် အိန္ဒိယ ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ ပါလီမန် ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
“အရှေ့မျှော် မူဝါဒနဲ့ (အိန္ဒိယ)အရှေ့မြောက် ပြည်နယ်များ အကျိုးစီးပွားကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံနဲ့ ချိတ်ဆက်မယ့် အရှေ့မြောက်ပိုင်းက ပြည်နယ်များမှာ လမ်းတွေ ဖောက်လုပ်ဖို့ အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကနေ အကူအညီ တောင်းခံဖို့ ကျနော် အဆိုပြုပါတယ်” ဟု အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး P Chidambaram အား ကိုးကား၍ The New Indian Express သတင်းစာကြီးက ရေးသားထားသည်။
ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရူနာချာ ပရာဒေ့ရှ် (AP) ပြည်နယ်ဝန်ကြီးချုပ် Nabam Tuki ကလည်း ထို ဘတ်ဂျက် အဆိုတင်သွင်းမှုကို ကြိုဆိုကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီး ပြန်လည်ပေါ်ထွန်းလာခြင်း အားဖြင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ ကုန်သွယ်မှု ပိုမိုဖြစ်ထွန်းလာမည်ဖြစ်၍ ပြန်လည် အကောင်အထည် ဖော်ရန် စဉ်းစား သုံးသပ်ရေး သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယ အောက်လွှတ်တော် ဥက္ကဋ္ဌ Meira Kumar တို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
စတီးဝဲလ် လမ်းမကြီးဟုလည်း လူသိများသည့် လီဒိုလမ်းမကြီးမှာ အိန္ဒိယနိုင်ငံ AP ပြည်နယ်မှ မြန်မာနိုင်ငံ ကချင်ပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဖောက်လုပ်ထားသည့် ကားလမ်းဟောင်းတခု
ဖြစ်သည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်၊ မိုးရေးမှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အထိ ၉၉ မိုင်ရှည်သည့် တမူး-မိုးရေး ကားလမ်းကို အိန္ဒိယ အစိုးရက ဖောက်လုပ်ပေးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံ အချက်အချာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လာခဲ့သည်။
မီဇိုရမ်ပြည်နယ် (ဇောကွတ်ထား)နှင့် ချင်းပြည်နယ် (ရိဒ်)ရှိ ဒုတိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ၂ဝဝ၄ ခုနှစ်ကပင် ဖွင့်လှစ်ခဲ့သော်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်သွယ်မှု နှေးကွေးနေကြောင်း ချင်းတိုးတက်ရေးပါတီက ပြောဆိုခဲ့သည်။
အာရှ လမ်းမကြီး၏ အစိတ်အပိုင်းတခု ဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း၊ မဏိပူပြည်နယ် မိုးရေးမြို့နှင့် ဆက်သွယ်ထားသည့် တမူး-ကလေးဝ လမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်
ဇောကွတ်ထားမှ ချင်းပြည်နယ် ရိဒ်ခေါ်ဒါ မြို့နယ်ခွဲ-တီးတိန်-ကလေးမြို့- ကလေးဝလမ်း၊ နာဂလဲန်းပြည်နယ် နန်ပေါင်မြို့မှ ပန်ဆောင်-နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီး တို့သည် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များနှင့် မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့်ပါ ဆက်သွယ်နိုင်သည့် လမ်းများ ဖြစ်ကြသည်။
အိန္ဒိယက ဖိတ်ခေါ်ကျင်းပသည့် အာသံပြည်နယ်မှ စတင်၍ အရှေ့တောင်အာရှ နိုင်ငံများ ဖြတ်သန်းကာ ကားမောင်း ပြိုင်ပွဲနှင့် အိန္ဒိယမှ စတင်ထွက်ခွာပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင် အဆုံးသတ်မည့် မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ ကားမောင်းပြိုင်ပွဲများကို မကြာသေးမီက ကျင်းပခဲ့သေးသည်။
ထိုကားမောင်းပြိုင်ပွဲများမှာ ငြိမ်းချမ်းရေး၊ သမိုင်းဝင် လမ်းများပြန်လည် ကောင်းမွန် သက်ဝင်လာစေရေး၊ နယ်စပ်ကုန်သွယ် ရေးလမ်းများ၊ ဖွံ့ဖြိုးစည်ပင်လာစေရေး၊ လမ်းကြောင်းတလျှောက် နေထိုင်သည့် သန်းနှင့် ချီသည့် ပြည်သူများ၏ ဘဝ မြင့်မားတိုးတက် လာစေရေး အထောက်အကူ ပြုရန် ရည်ရွယ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အိန္ဒိယ စက်မှုလက်မှု အသင်းချုပ် (CII) ဥက္ကဋ္ဌက ပြောဆိုသည်။
မြန်မာနိုင်ငံကို ကုန်းမြေပေါင်းကူးအဖြစ် ထားကာ အရှေ့တောင်အာရှ နိုင်ငံများနှင့် ချိတ်ဆက်လိုသည့် အိန္ဒိယ အစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ပေးအပ်မည့် ငွေကြေး အကူအညီများသည် မြန်မာနိုင်ငံ ၏ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တဆင့် ပေးအပ်မည် ဖြစ်သောကြောင့် ထိုအကူအညီများအား တကယ် လိုအပ်သည့် နေရာတွင် အသုံးချခွင့် မရဘဲ အဟောသိကံ ဖြစ်သွားမည်ကိုဒေသခံများက စိုးရိမ်ပူပန်လျှက် ရှိနေကြကြောင်း Chinland Guardian က ရေးသားထားသည်။