မူးယစ်ရာဇာ နော်ခမ်းကို တရုတ်က ကွပ်မျက်လိုက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို တရုတ်က ကွပ်မျက်လိုက်ပြီ
by -
မဇ္ဈိမ

တရုတ်နိုင်ငံသား သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်မှု အပါအဝင် အခြားအမှုများဖြင့် သေဒဏ်ချမှတ် ထားသော မူးယစ်ရာဇာ နော်ခမ်းနှင့် နောက်လိုက် သုံးဦးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် သောကြာနေ့ မွန်းလွဲပိုင်းက ဆေးထိုး ကွပ်မျက်လိုက်ပြီ ဖြစ်သည်။

ရှမ်းလူမျိုး တဦးဖြစ်သူ နော်ခမ်းနှင့် ထိုင်းနိုင်ငံသား စံခမ်း၊ နိုင်ငံမဲ့ ယီလိုင်း နှင့် လာအိုနိုင်ငံသား ဇာကျိကာ တို့အား စီရင်လိုက်ပြီးဖြစ်ကြောင်း ကူမင်းတရားရုံးအား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

၎င်းတို့အား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက သေဒဏ်စီရင်ထားခဲ့ပြီး ဖြစ်သည်။ နော်ခမ်း အပါအဝင် ခြောက်ဦးကို တမင် လူသေစေမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သင်္ဘော အပိုင်စီးခြင်း စွဲချက်များဖြင့် ထိုနှစ် စက်တင်ဘာလ အတွင်းက ရုံးတင်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ်တွင် နော်ခမ်းတို့ အဖွဲ့မှ ပြန်ပေးဆွဲလာခဲ့သည့် တရုတ်အလံတင် သင်္ဘော နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း တရုတ်နိုင်ငံသား ၁၃ ဦး၏ အလောင်းများကို မြစ်အတွင်းမှ ဆည်ယူရရှိခဲ့သည်။

သေဆုံးသူ တရုတ်များမှာ ‘Hua Ping’ နှင့်  ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်ပြီး Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

ထို့နောက် ထိုသင်္ဘောများအား ပြန်ပေးဆွဲခဲ့သူ နော်ခမ်းနှင့်အတူ ငါးဦးအား ၂၀၁၂ ခုနှစ်၊ အစောပိုင်းက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံ ရဲတပ်ဖွဲ့များ ပူးတွဲစစ်ဆင်ရေးဖြင့် ဧပြီလ ၂၅ ရက်နေ့က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ မေလ ၁ဝ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး လုပ်ငန်းကို နော်ခမ်းသည် ဘိန်းဘုရင် ခွန်ဆာ၏ မုန်ထိုင်းတပ်မတော် (MTA) တွင် ဗိုလ်ကြီး အဖြစ်နှင့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် သင်ယူလေ့လာခဲ့ပြီး ခွန်ဆာ က မြန်မာစစ်အစိုးရထံ ၁၉၉၆ ခုနှစ်တွင် လက်နက်မချမီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရှမ်းသံတော်ဆင့် သတင်း၏အဆိုအရ နော်ခမ်းသည် ၁၉၉၆ ခုနှစ်က စစ်အစိုးရထံ လက်နက်ချပြီးကတည်း နယ်စပ်မြို့ ဖြစ်သော တာချီလိတ် တွင် နေထိုင်ခဲ့ပြီး အဖွဲ့ဝင် ၁ဝဝ ရှိ ဟောင်လောက် ပြည်သူ့စစ်အဖွဲ့ကို
ခေါင်းဆောင်ခဲ့သည်။

တရုတ် နေ့စဉ်သတင်းစာ တစောင် ဖြစ်သည့် Global Times သတင်းစာက ရေးသားခဲ့ရာတွင် တရုတ်အစိုးရ အနေဖြင့် နော်ခမ်းအား မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်တန်း ထူထပ်သော ဒေသရှိ သူ၏ ခံတပ်ကို အဓိက ပစ်မှတ်ထားကာ မောင်းသူမဲ့ လေယာဉ် သုံး၍ တိုက်ခိုက်ရန် စဉ်းစားခဲ့သည်ဟု ဆိုသည်။