ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက်ရှိ ရွှေကျင်လုပ်သား ၃၀ ကျော် ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက်ရှိ ရွှေကျင်လုပ်သား ၃၀ ကျော် ဖမ်းဆီးခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တဖက်ကမ်းရှိ ဝိုင်းမော်မြို့လဘန်ကထောင်ကျေးရွာ (Labang Kahtawng) မှ ဧရာဝတီမြစ်တလျှောက် ရွှေကျင်နေသော လုပ်ငန်းပိုင်ရှင်အပါအဝင် ရွှေလုပ်သား အမျိုးသား ၃၀ ကျော်ကို  ဝိုင်းမော်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ဦးဆောင်သူ ဦးနော်တောင် (Salang Naw Tawng)၊ သန်းစိုး၊ တန်ဂွန်း (Salang Tang Gun) နှင့် သက်စိုး တို့ဖြစ်ပြီး အခြား ၂၆ ယောက်မှာ ကျင်းသားများဖြစ်ကြောင်းနှင့် အာလမ် (Alam) ကျေးရွာမှ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အစိုးရ ရဲအရာရှိများသည် ဖေဖဝါရီ ၂၃ ရက်နေ့က လဘန်ကထောင် (Labang Kahtawng) တွင် ရွှေကျင်နေသော လုပ်သားများအား ဖမ်းဆီးခဲ့စဉ် လက်ထိပ်ခတ်ပြီး အချို့ကို ကြိုးများ ဖြင့်ချည်ကာ ကားဖြင့် ဝိုင်းမော်ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသို့ တနိုင်တပိုင်လုပ်ကိုင်နေသော ဒေသခံလုပ်သားများကို ဖမ်းဆီးလိုက်သောကြောင့် ၄င်းတို့မိသားစု ၀င်များသည် အခက်ခဲရင်ဆိုင်နေရကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ အမျိုးသမီးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ရဲတွေက အကြောင်းလည်း မကြားဘဲနဲ့ တခါထဲလာပြီး လက်ထိပ်ခတ်ပြီး ထားတာ။ တခါထဲ စက်တွေလဲ သယ်သွားတယ်။ ကျမယောကျ်ားက သွေးတိုးရောဂါရှိတာဟုတ်တယ်။ ကျမက ဘာမှ မပြောတတ်တော့ဘူး။ ငိုဖို့ပဲသိတော့တယ်။ သူပဲရှာကြွေးနေတာ အခု အဲလိုဖြစ်တော့ ဘာလုပ်စားဖို့လဲမသိတော့ဘူး…အရမ်းစိတ်ဆင်းရဲတယ်။”

အဆိုပါ ဧရာဝတီမြစ်တွင် ရွှေကျင်နေသောသူများသည် ကျောင်းကော်မတီများ၊ ကျောင်းအုပ်ကြီးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းသဘောတူ လက်မှတ်ရေးထိုးပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သော်လည်း အာဏာပိုင်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“လဘန်ကထောင် (Labang Kahtawng) မှာ ရွှေကျင်တာဟုတ်တယ်။ လဘန်ကထောင်မှာ ကျမတို့ ခိုးပြီးကျင်တာ လည်းမဟုတ်ဘူး။ ကျောင်းမှာ လိုအပ်နေတာတွေကို ကူညီနေတာ ဟုတ်တယ်။ အုတ်ခဲလိုရင် အုတ်ခဲ၊ ကျောက်လိုရင် ကျောက်၊ သဲလိုရင်သဲ၊ သံလိုရင် သံ ကူညီနေတာ လုပ်ငန်းကြီး လုပ်နေတာလည်း မဟုတ်ဘူး။” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

၄င်းတို့ကို ဝိုင်းမော်ရဲစခန်းတွင် တစ်ညထိန်းသိမ်းထားပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲချိန်တွင် အမှတ်(၂၉) မြစ်ကြီးနား ဇီးလွန်ထောင်ကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ဦးဆောင်သူများသည် ဝိုင်းမော်မြို့နယ်မှ ဖြစ်ပြီး ရွှေကျင်သည့် ကျင်းသားများသည် မြန်မာနိုင်ငံ ဒေသအသီး သီးမှဖြစ်ကာ ကချင်ပြည်နယ် ဝန်ကြီးချုပ်အမိန့်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းနှင့် အသက်မပြည့်သူ ၁ ဦးကို ဝိုင်းမော်မြို့တွင်ထားကြောင်းသိရသည်။

ကချင်လွတ်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) မှ ခွဲထွက်အဖွဲ့ ခေါင်းဆောင် လဆန်အောင်ဝါ (Lasang Awng Wa) ပြည်သူ့စစ်အဖွဲ့နှင့် လဘန်ကထောင် (Labang Kahtawng) ဒေသခံများသည် ၎င်းတို့ ကျေးရွာဖွံ့ဖြိုးရေး အလယ်တန်းကျောင်း ဆောက်လုပ်မှုတွင် ကူညီထောက်ပံ့ရန် ရည်ရွယ်၍ လုပ်ကိုင်နေခြင်း ဖြစ်သောကြောင့် ၄င်းဖမ်းဆီးအရေးယူမှုနှင့် ပတ်သက်၍ အထက်အရာရှိများထံသို့ စာတင်ထားသည်ဟု သိရသည်။

အစိုးရအာဏာပိုင်များသည် ဧရာဝတီမြစ်တလျှောက်ရွှေလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအသီးသီးကို ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင် နေသော်လည်း အချို့နေရာများတွင် ရွှေကျင်သည့်ဆိုင်းများကိုသာ သိမ်းသွားခဲ့သည်ဟု ဒေသခံများပြောသည်။

၄င်းဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်နေကြောင်း မြစ်ကြီးနား အမှတ်(၁) ရဲစခန်းသို့ မေးမြန်းခဲ့ရာ ရဲအရာရှိတစ်ဦးက “မဟုတ်ပါဘူး မကြားမိပါဘူး” ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်တလျှောက် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးရေးယူနေခြင်းနှင့် ပတ်သက်၍ မည်သည့်အမှုဖြင့် တရားစွဲဆိုမည်ကို တိတိကျကျ မသိသေးသော်လည်း အမှုစစ်ဆေးစဉ်ကာလ ၂ လမှ ရ လထိ ကြာနိုင်သည်ဟု ပြောဆိုနေသောကြောင့် ၄င်းတို့မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။

Most read this week