ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာတွင် မွန်ဘုရင်မ ရှင်စောပုအကြောင်း ချီးမွမ်း ပြောကြား ခဲ့သလို ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ (ရန်ကုန်) နိုင်ဖေတင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး သူက မွန်ဘုရင်မ ရှင်စောပုကို ချီးမွမ်းသွားတယ်၊ နောက်ပြီး အစိုးရကို အကြံပေးတဲ့အနေနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ မျှမျှတတနဲ့ တန်းတူအခွင့်အရေး ပေးရမယ်၊ ဖက်ဒရယ် ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူး ဆိုတဲ့အကြောင်း၊ နောက်ပြီး လူငယ်တွေ မိမိတို့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အကြောင်း ပြောသွားပါတယ်” ဟု ပြောသည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “နှစ်ပေါင်များစွာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဆိုတဲ့ စကားတွေ ရှိနေတဲ့အတွက် ထင်ယောင်ထင်မှား ဖြစ်ခဲ့ပါတယ်၊ ကျမတို့ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီး တစိုက်မတ်မတ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး ဖက်ဒရယ်ဆိုတာ အုပ်ချုပ်ရေး ပုံစံတစ်မျိုး ဖြစ်တယ် ဆိုတာ တတ်နိုင်သမျှ ကျမတို့ နိုင်ငံရေး အရ ရှင်းပြခဲ့ပါတယ်၊ ကျမတို့ရဲ့ တိုင်းရင်းသား ညီကိုမောင်နှများရဲ့ မျှော်လင့် ချက်များကို ဖြည့်ဆည်းနိုင်မှ တကယ့်ကို ညီညွတ်တဲ့ ပြည်တောင်စုကြီး တစ်ခုကို တည်ထောင်နိုင် မှာပါ၊ ဒီလိုပြည်တောင်စုကို တည်ထောင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိ ပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ မြို့တော်ဝန်နှင့် ဇနီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်၊ မွန်ဒီမိုကရေစီအဖွဲ့ ဥက္ကဌ နိုင်ငွေသိမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ အဖွဲ့ဥက္ကဌ နိုင်ငွေသိန်း၊ ဒေါက်တာမင်းတင်မွန်တို့ နှင့် အနုပညာရှင်များ တက်ရောက်ကြောင်း သိရသည်။
မွန်အမျိုးသားနေ့ အစီအစဉ်အနေနှင့် အခန်းအနားဖွင့်လှစ်ခြင်း၊ သဘာပတိ နေရာယူခြင်း၊ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ မွန်အမျိုးသားအလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုခြင်း၊ သဘာပတိ ဒေါက်တာ မင်းတင်မွန် က မိန့်ခွန်းပြောခြင်း၊ ပွဲကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင် မိန့်ခွန်းပြောခြင်း၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခြင်း၊ ပံ့ပိုးကူညီသော အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနှစ်မွန်အမျိုးသားနေ့ အခမ်းအနားက မနှစ်ကထက်ပိုပြီး စည်တယ် နောက်ပြီး လူအင်အားလည်း ၅ ထောင်လောက်ကို တက်ရောက်တယ် အစီအစဉ်တွေလည်း မနှစ်ကထက်ထူးခြားတယ်” ဟု ဥက္ကဌ နိုင်ဖေတင်က ပြောဆိုသည်။
အလားတူ သဘာပတိ ဖြစ်သူ ဒေါက်တာမင်းတင်မွန်ကလည်း “မြန်မာနိုင်ငံမှာ မွန်လူမျိုးတွေ ပထမဦးဆုံး ရောက်ရှိလာကြောင်း၊ ကိုယ့်ဘုရင် ကိုယ့်ထီနန်းနှင့် ကိုယ်ပိုင် စာပေယဉ်ကျေးမှုနဲ့ ရှိလာခဲ့ကြောင်း၊ မွန်လူမျိုးတွေ ဆံတော်ရှင် အရင်ဆုံးရရှိလာခဲ့ကြောင်း၊ ဥက္ကလာပ မင်း လက်ထက်တွင် ရွှေတိဂုံ စေတီတော်အား တည်ထားခဲ့ကြောင်း၊ တိုင်းရင်းသားများအနေနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်သွားကြ ကြောင်း၊ စိတ်သည်သာ အဓိကဖြစ်ကြောင်း” ၎င်း၏ မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ နာယက နိုင်သောင်းသျှင်က ပြောသည်။
ဆက်လက်၍ “ဖျော်ဖြေရေး အစီအစဉ်မှာ ဒီနှစ်နည်းနည်းထူးတာက ရွှေတိဂုံစေတီတော်သမိုင်းကို သရုပ်ပြ ဇာတ်လမ်းနဲ့ ကပြဖျော်ဖြေတယ်၊ နောက်ပြီး မွန်သံချပ်တွေလည်း ရှိတယ်ဆိုတော့ ဒီနှစ်က မနှစ်ကထက် ပိုပြီး စည်ကားတယ် ထူးခြားတယ်” ဟု ၎င်းက ဆက်ပြောသည်။
(၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မြန်မာနိုင်ငံရှိ မွန်လူမျိုးများ နေထိုင်သည့် ဒေသများတွင် အခမ်းအနားများ ပြုလုပ်ကြပြီး၊ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော မွန်များကလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။