အဖိုးတန် ပန်းမာလ်များ ရောင်းဝယ် လုပ်စားခြင်းမပြုရန် CNF တားမြစ်

အဖိုးတန် ပန်းမာလ်များ ရောင်းဝယ် လုပ်စားခြင်းမပြုရန် CNF တားမြစ်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်အတွင်း အဖိုးတန် ပန်းမာလ်များ ရောင်းဝယ်လုပ်ကိုင်စားသောက်ခြင်းမပြုရန် ချင်းအမျိုး သားတပ်ဦး CNF က ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တားမြစ်လိုက်သည်။

စာအမှတ် ၀၁/၂၀၁၃။ အပိုဒ် ၀၁/၁၀ အရ ပဥ္စမအကြိမ်ပါတီညီလာခံံသက်တမ်း၊ သတ္တမ အကြိမ် ဗဟိုအလုပ်အမှုဆောင် ကော် မီတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ချင်းလဲန်းတွင် အလှပန်းမာလ် များ၊ တောင်ဇလပ်ပန်းနှင့် ပန်းရိုးများ ရောင်းဝယ်လုပ်ကိုင်စားသောက်ခြင်းကြောင့် သစ်တောပြုန်း တီးမှုများ ရှိနေကြောင်း သိရှိရသဖြင့် ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည် ဟု သိရသည်။

“ကျတော်တို့ ချင်းလဲန်ထဲမှ အဖိုးတန်သစ်ခွ၊ သဇင်၊ တောင်ဇလပ်ပန်းများကြောင့် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ နေကြတာ တားမြစ်ပေး ဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့ အပေါ် ယခုလို လုပ်လိုက်ရတာပါ” ဟု ပါတီရေး ရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

ယခုတားဖြစ်ချက်အား နိုင်ငံတကာရောက် ချင်းအမျိုးသားများမှတဆင့် သက်ဆိုင်ရာ မိမိတို့ ကျေးရွာ ဒေသများသို့ Email/ Phone ဖြင့် အသိပေးအကြောင်းကြားပေးပါရန် နှင့် ချင်းအမျိုးသား တပ်ဦး၊ ပြည်တွင်း ဆက်ဆံရေးရုံးနှင့် အခြား ဌါနဆိုင်ရာ ရုံးများမှတဆင့် ပြည်သူများသို့ ဖြန့်ဝေ အသိပေး ပါရန် မေတ္တာ ရပ်ခံထားသည်။

ချင်းပြည်ရှိ အဖိုးတန် သစ်တောထွက်ပစ္စည်းများကို အဓိကအားဖြင့် မန္တလေးမှ တဆင့် တရုတ်ပြည်သို့ တင်ပို့ကြကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဒေသခံတချို့သည် တောင်ဇလပ်ပန်းကို ၀ုိင်အဖြစ် ထုတ်လုပ် ရောင်းချ နေရသဖြင့် တောင်ဇလပ်ပင်များ ပြုန်းတီးလာခဲ့သည်။

“တောင်ဇလပ်ပန်း အစိုတပိသာကို ကျပ်ငွေ ၈၀၀ နဲ့ ၀ယ်ယူပြီး ၀ုိင်အဖြစ်ထုတ်လုပ်တယ်၊ ၀ုိင်တပုလင်းကို ကျပ်ငွေ ၁၀၀၀ နဲ့ ပြန်ရောင်းကြတယ်၊ ဘာပဲဖြစ်ဖြစ် အပွင့်ခူးတာတော့ ရပါတယ်၊ ပင်စည် ခုတ်လှဲတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ချင်းအမျိုးသားတပ်ဦး ပြန်ကြားရေး အတွင်းရေးမှူး ပူးငိုင်းကြားထန်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၄ – ၁၉၉၅ ခုနှစ်ကတည်းက အောက်ချင်းငှက် နှင့် ရှားပါး တိရိစ္ဆာန် များဖြစ်သည့် ကျား၊ ဆင်၊ ပြောင်၊ ၀က်ဝံ၊ မျောက်၊ မျောက်လွဲကျော် များအား သတ် ပစ်ခြင်း မပြုလုပ်ရန်  မိုင်းဗုံး၊ ဒိုင်နမို၊ အဆိပ် ဖြင့် ရေ သတ္တဝါ များ ဖမ်းဆီးခြင်း၊ တိရိစ္တာန်များ မျိုးပွား ချိန်တွင် သတ်ဖြတ်ခြင်း မပြုလုပ်ရန်တားမြစ်ထားသည်။

Most read this week