၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ

၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ
by -
နိရဥ္စရာ

၁၃ နှစ်ကျော်ကြာ စစ်တပ်က သိမ်းပိုက်ထားပြီး လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရခဲ့သော လယ်မြေများကို ပိုင်ရှင် လယ်သမားများ အနေဖြင့် ယခုနှစ်တွင် ပြန်လည် ဌားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သတင်း  ရရှိသည်။

Rathidaung- jettyအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နေပူခံ၊ ပေါင်းဇား စသည့် ကျေးရွာများမှ လယ်ဧက ၁၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်က သိမ်းယူသွားခဲ့သည်။

လယ်မြေများကို သိမ်းယူသွားပြီးနောက် ရသေ့တောင်မြို့မှ စီးပွားရေး သမား ဦးစောအောင်သိန်းအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး လယ်သမားများအား လယ်ပေါ်သို့ တက်ရောက်ခွင့်ကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်။

ယခုကဲ့သို့ လယ်သမားများကို ဦးစောအောင်သိန်းကို ငှားရမ်းသောစျေးနှုန်း ကျပ်ငွေ ၆၅ သိန်းဖြင့် ယခုနှစ်တွင် ပြန်လည် ငှားရမ်း လုပ်ကိုင်ခွင့်ပေးသဖြင့် တပ်မတော်ကို ကျေးဇူးတင်ကြောင်း လယ်သမား တစ်ဦးက ပြောသည်။

“ အယင်တုန်းက ကျွန်တော်တို့ လယ်ယာမြေတွေ အသိမ်းခံရပြီး စစ်တပ်က တဦးတည်း ကိုယ်စားလှယ် အဖြစ် ဦးစောအောင်သိန်းကို လုပ်ကိုင်ခွင့်ပေးထားခဲ့တဲ့ အတွက် ကျွန်တော်တို့မှာ လယ်မလုပ်ရဘဲ အထူး အခက်ကြံုခဲ့ရပါတယ်။ လုပ်ကိုင် စားသောက်စရာ မြေမရှိတော့ တစ်ရွာလုံးက လူတွေ မငတ်ရုံ တမယ် အခက်ကြံုခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ကိုယ့်လယ်မြေကို ကိုယ်ပြန် မရသေးသည့် တိုင်အောင် စစ်တပ်ကနေ တဆင့်  ပြန်လိ်ု့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးတဲ့အတွက် တပ်မတော်ကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့နယ် ပေါင်းဇား၊ နေပူခံ ကျေးရွာများမှ လယ်မြေဧက ရ၄၄ ဒဿမ ရ၇ ဧကကို စစ်တပ်က သိမ်းယူသွားခဲ့သည်။ သို့သော် ဒေသ အတွင်းမှ စစ်အရာရှိများသည် ရ၄၄ ဒဿမ ရ၇ ဧက အစား ဧက ၁၃၀၀ ကျော်ထိ ပိုမို သိမ်းယူကာ ဒေသအတွင်းက စီးပွားရေး  သမား တစ်ဦးဖြစ်သူ ဦးစောအောင်သိန်းအား နှစ်အလိုက် ဌားရမ်းခဲ့သည်။

၎င်းနောက်ပိုင်းတွင်  ဦးစောအောင်သိန်းသည် စစ်အရာရှိများနှင့် ပူးပေါင်းကာ ၁၃ နှစ်တိုင်တိုင် လယ်သမားများထံမှ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ခဲ့သည်ဟု  ပေါင်းဇားရွာ လယ်သမားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော််တို့ဆီက သိမ်းထားတဲ့ ဧက ၁၀၀၀ ကျော်ကို ကျပ်ငွေ ၆၅ သိန်းနဲ့ တပ်ကနေ လေလံ ဆွဲခဲ့တယ်လို့ ဦးစောအောင် သိန်းက ပြောပါတယ်။ အဲသလို ဆွဲပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသားတွေကို သူကတစ်ခါ ထပ်မံ ဌားရမ်း လုပ်ကိုင်စေတယ်။ အဲသလို လုပ်ရာမှာ ရလာတဲ့ ပုဇွန်တွေကို သူ့ဒိုင်ကို သွင်းရတယ်။ မသွင်းလို့ မရဘူး။ စျေးကိုလည်း အပြင်က စျေးမျိုးမပေးဘဲ အကြောင်း အမျိုးမျိုးပြပြီး ဖြတ်တယ်။ စပါးဆိုရင်လည်း သူပေးချင်တဲ့ စျေးနုန်းနဲ့ ပေးတယ်။ ကျွန်တော်တို့လယ်သမားတွေဆီက ၁၃ နှစ်တိုင်တိုင် ခေါင်းပုံဖြတ် အမြတ်ယူခဲ့တဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေ အထူးနစ်နာခဲ့ပါတယ်” ဟု ဆိုသည်။

ထိုသို့ ထိခိုက်နစ်နာမူများ ရှိခဲ့သဖြင့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရ တက်လာသောအခါ မခံမရပ်နိုင်ဖြစ်နေကြသော ရွာသားများက သူတို့ပိုင် လယ်မြေများပေါ်သို့ ကျွဲနွားများဖြင့် အတင်းထွန်ယက် စိုက်ပျိုးရာ ဦးစောအောင်သိန်းမှ ပိုင်နက်ကျူးကျော်မူ၊ ဖျက်ဆီးမူ၊ လုယက်မူ စသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုသဖြင့် လယ်သမား ၂၆ ဦး ဖမ်းဆီးခံခဲ့ရကာ ယခုအချိန်ထိ မြို့နယ်တရားရုံတွင် တရား ရင်ဆိုင်နေကြရသည်။

အဆိုပါ လယ်မြေကိစ္စ အငြင်းပွားမူကြောင့် ဒေသခံများ အကြားတွင်လည်း မကျေနပ်မူများ တိုးပွားလာခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်ထိ သတင်းရောက်ရှိသွားကြာင်းသိရသည်။

၎င်းနောက်ပိုင်းတွင် စစ်တပ်မှ ယခင် ဦးစောအောင်သိန်းအား နှစ်စဉ် သိန်း ၆၅ သိန်းဖြင့် ဌားရမ်းသော လယ်မြေဧက ၁၃၀၀ ကျော်အထဲမှ  ရ၄၄ ဒဿမ ရ၇ ဧကကို လယ်သမားများကို ၆၅ သိန်းဖြင့် ပြန်လည် ငှားရမ်း လုပ်ပိုင်ခွင့် ပြုပေးလိုက်သည်။

လယ်ယာမြေများကို လယ်သမားများပိုင် လယ်မြေအဖြစ် ရရှိအောင် ဆက်လက် ကြိုးစား လုပ်ကိုင် ဆောင်ရွက်နေသည်ဟုလည်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်  ဦးလှမောင်သိန်းက ပြောသည်။

“ ရွာသားမြေ၊ တပ်မတော်မြေဆိုပြီး ခွဲခြားရလို့ အေးအေးဆေးဆေးဖြစ်သွားပြီ၊ အခုတော့ခါ ရွာသားတွေမှာ ဘုံမြေအဖြစ် သော်၎င်း၊ ကိုယ်တို့မှာ ကိုယ်ပိုင်မြေအဖြစ်သော်၎င်း ရရှိနိုင်အောင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စာရင်းဦးစီးဌာနတို့က ညှိပြီးတော့ အဲဒီလယ်မြေတွေကို ခွဲပေးဖို့ လုပ်နေကြပါတယ်။”

လယ်ဧက ရ၄၄ ဒဿမ ရ၇ ကို လယ်သမားများကို ပြန်လည်ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသော်လည်း ကျန် လယ်ယာမြေများကို စစ်တပ်မှ ဆက်လက်ပြီး လုပ်ကိုင်နေသည်ဟု သိရသည်။

Most read this week