လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့ ဖွဲ့စည်းမည်

လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့ ဖွဲ့စည်းမည်
by -
မဇ္ဈိမ

လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အဖွဲ့ (ဗဟို)ကို မတ်လ ဒုတိယအပတ်တွင် စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဆိုသည်။

“အခုအဖွဲ့မှာ လက်ဖက် စိုက််တဲ့သူ၊ ရောင်းတဲ့သူ၊ လက်ဖက်စို-လက်ဖက်ခြောက် လုပ်တဲ့သူ၊ လက်ဖက် ကုန်သည်ပွဲစား၊ ပညာရှင် အားလုံး ပါအောင် ဖွဲ့စည်းသွားမှာပါ။ အဓိက က လက်ဖက် အရည်အသွေး ကောင်းအောင် မြှင့်တင်ပြီး နောက်ပိုင်းမှာ ကုန်ချောအနေနဲ့ ပြည်ပတင်ပို့ဖို့ ရည်ရွယ်တာပါ” ဟု ထိုအသင်းမှ အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင် က ပြောသည်။

ထိုသို့ ဖွဲ့စည်းလုပ်ကိုင်ခြင်းဖြင့် လက်ဖက်စိုက် တောင်သူများအတွက် စိုက်ပျိုးရေးနည်းစနစ်များ စနစ်တကျရှိ
လာပြီး ထုတ်လုပ်သူများအပိုင်းကလည်း ပိုမိုတိုးတက်လာကာ ပြည်တွင်းနှင့် ပြည်ပ စျေးကွက်များ ပိုမိုရရှိလာနိုင်မည်ဟု ဆိုသည်။

“လက်ဖက်နဲ့ပတ်သက်ပြီး ဆိုးဆေး ပါဝင်မှုတွေကို ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလလောက်က အရေးယူမှုတွေ
 ပြုလုပ်ပြီးတဲ့နောက်ပိုင်း စားသုံးသူတွေရဲ့ ဝယ်ယူမှု အတော်လျော့သွားခဲ့တယ်။ စျေးကွက် ပျက်သလောက် ဖြစ်ခဲ့တော့၊ လက်ဖက် စျေးကောင်း မရကြတော့ တောင်သူတွေလည်း အရှုံးပေါ်ပြီး နာလန်မထူနိုင် ဖြစ်ခဲ့ရတယ်” ဟု ဘုရင့်နောင် ပွဲရုံတန်းမှ လက်ဖက် ကုန်သည် ဦးအောင်ကျော်သူ က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အဓိက စိုက်ပျိုးလျက်ရှိသည်။

“ပြည်တွင်း လက်ဖက်စျေးကွက်ထဲကို၊ အထူးသဖြင့် လက်ဖက်ခြောက် စျေးကွက်ထဲကို တရုတ် လက်ဖက်ခြောက်နဲ့ စင်္ကာပူ လက်ဖက်ခြောက်တွေ ဝင်ရောက် နေရာယူလာတာ တွေ့ရတယ်။ မြန်မာဘက်က လက်ဖက်ခြောက်ကို အဆင့်မြင့် ထုတ်လုပ်ပြီး ပြည်ပပို့နေတဲ့ နာရာ အမှတ်တံဆိပ် တခုလောက်ပဲ ရှိနေတာ တွေ့ရတယ်။ ပြည်တွင်းက လက်ဖက်ခြောက်တွေကို အဆင့်မြင့် ထုတ်လုပ်နိုင်တဲ့ နည်းပညာ အားနည်းနေတဲ့အတွက် တောင်သူတွေ စျေးမရတာ ဖြစ်တယ်” ဟု ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ လက်ဖက်ကုန်သည် ဦးစိုင်းနွဲ့ က ပြောသည်။