သိမ်းဆည်းရမိသည့် အစိုးရတပ် လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော

သိမ်းဆည်းရမိသည့် အစိုးရတပ် လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် မြန်မာအစိုးရ တပ်မတော်အကြား ယခုအပတ်အတွင်း ဖြစ်ပွါးခဲ့သောတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများအား အစိုးရဘက်မှ ပြန်လိုချင်ပါက ပြန်လည်ပေးအပ်မည့်အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော်ကပြောဆိုသည်။

“၂၄ ရက်နေ့က အစိုးရ ဗမာ့တပ်မတော်က ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ နယ်မြေထဲဝင်လာတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်တယ်။ သေနတ် ၆ လက်နဲ့ ပစ္စတို ၂ လက် စကားပြောစက် ၁ လုံး ကျနော်တို့သိမ်း ဆည်းရမိတယ်။ သူတို့ပြန်လို ချင်ရင် ပြန်ပေးအပ်ဖို့အစီအစဉ်ရှိပါတယ်။ သမ္မတကြီးဆီကိုလည်းတိုက်ပွဲဖြစ်ရတဲ့ အကြောင်းနဲ့ ပစ္စည်းရလိုရင်ပြန်လိုကြောင်း စာရေးထားပါတယ်” ဟု သျှမ်းပြည်တပ်မတော်မှ ပြောခွင့်ရ စိုင်းဆိုင်မိဏ်း ကပြောသည်။

RCSS

ယခုအပတ် ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်ကနေ ၃ နာရီခွဲခန့်အထိ သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာအစိုးရတပ်မတော် ခလရ ၆၆ ကြား တိုက်ပွဲဖြစ်ပွါးရာ မြန်မာ့တပ်မတော်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးကျော်မြင့်ထွန်း အပါအဝင် ၅ ယောက်ကျဆုံးကြောင်း၊ သေဆုံးသူများထံမှ သေနတ်မျိုးစုံ ၈ လက် နှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ရှေ့တန်းရောက် တပ်မှူးတဦးက ပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်း ဒေသရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ အခြေစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ ခြေလျင်တပ်ရင်း ခလရ  ၆၆ လက်အောက် ခံစစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၇၆ လက်အောက်ခံ တပ်ခွဲတခုတို့  ခိုလမ်(မြို့နယ်ခွဲ) အရှေ့တောင် ဘက် မိုင် ၂၀ ခန့်ရှိ ခိုအွတ်ကျေးရွာအုပ်စုဝင် နားလောရွာအနီး၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောတူညီမှုကိုမလိုက်နာဘဲ သျှမ်းပြည်တပ်မတော် ထိန်းချုပ်လှုပ်ရှားရာ ကျေးလက်တောရွာထဲသို့ မြန်မာ့တပ်မတော်က အကြောင်းမကြားဘဲဝင်ရောက်လာ သဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက် ပွဲဖြစ်ပွါးခြင်း ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က စွပ်စွဲပြောဆိုသည်။

ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ယခုလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် ရှေ့ဆက် အပစ်ရပ်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား ပစ်ခတ်မှု အလားအလာ မရှိတော့ကြောင်း၊ မြန်မာ့တပ်မတော်နှင့် အစိုးရတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးဖြစ်ကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့သည်။

Most read this week