ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အင်္ဂါနေ့က ရောက်ရှိလာ သည့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် ICRC ကိုယ်စားလှယ်များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လိုင်ဇာ ပြည်သူ့ဆေးရုံသို့ သွားရောက် ကူညီခဲ့ပြီး စစ်ပြေးဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု KIO စစ်ပြေးဒုက္ခသည် များကူညီရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။
“အဓိကတော့ ဆေးဝါးတွေ ပါတယ်။ ပြည်သူ့ဆေးရုံဘက် စစ်ဆေးရုံဘက်မှာ ဒဏ်ရာရသူတွေကို သွားကြည့်တယ်။ အများအားဖြင့် ဆေးဝါးနဲ့ပတ်သက်လို့ အဖွဲ့တွေ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။
အစိုးရက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂ အဖွဲ့အစည်းများကို ဝင်ခွင့်ပြုခဲ့ရာမှ ယခု ဒုတိယ အကြိမ်မြောက် ဝင်ခွင့်ပြုသဖြင့် အကောင်းဘက်မှ ရှုမြင်ကြောင်း သူက ဆက်ပြောသည်။
“ဒုတိယအကြိမ် အစိုးရက UN ကို ဝင်ခွင့်ပြုလာတယ်ဆိုတော့ ဒီမှာ ဖြစ်ပျက်နေတာတွေကို သူတို့ လက်တွေ့
မြင်သွားရင် သူတို့ ဆက်လက် လုပ်ဆောင်သွားမယ့် စီမံချက်တွေ သိမြင်လာမယ်လို့ ယုံကြည်တယ်။ သူတို့လည်း အဲဒီလို ပြောတယ်” ဟု ဦးဒွဲပီဆား က ဆိုသည်။
ဒုက္ခသည်များအား ကူညီရန် ကုလသမဂ္ဂ၏ လုပ်ငန်းများ စတင်အကောင်အထည် ဖော်လာခြင်း ဖြစ်သည် ဟုလည်း သူက ပြောသည်။
ICRC ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် လိုင်ဇာ ဆေးရုံ တာဝန်ခံ ဦးဇော်ခွမ် က “ကျနော်တို့ကို ကူညီဖို့
ရောက်လာပါတယ်။ တခြားဘယ်အဖွဲ့အစည်းတွေ ကူညီလဲ ဆိုတာတွေ မေးတယ်။ ကျနော်တို့ လူနာတွေကို ဘယ်လို ကုသနေရတယ်၊ ခုလောလောဆယ် လူနာတွေကို ကုသဖို့ အရေးပေါ် ဘာတွေ လိုအပ်တယ်၊ ကျနော်တို့ ကျန်းမာရေးဌာန အကြောင်းတွေ မေးတယ်။ ဘာတွေ လုပ်နေတယ် ဆိုတာတွေ မေးမြန်းတယ်” ဟု မဇ္စျိမကို
ပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်က ICRC ကား သုံးစီးကို လိုင်ဇာမြို့အဝင် လဂျားယန်ကားလမ်း၊ မိုးနဲချောင်း အရောက်တွင် အစိုးရစစ်တပ်ဘက်မှ လုံခြံုရေးတာဝန် မယူပေးနိုင်ကြောင်း ပြောဆိုခဲ့၍ ဗန်းမော်မြို့သို့
ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။
ICRC ကိုယ်စားလှယ်များသည် ကြာသပတေးနေ့တွင် လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
လိုင်ဇာမြို့အနီးတဝိုက်တွင် စစ်ပြေးဒုက္ခသည်ပေါင်း ၂၀,၀၀၀ ကျော်ရှိသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ကုလအဖွဲ့အစည်းများ ကား ၁၀ စီးဖြင့် ဖားကန့်မြို့သို့ လာရောက်ကာ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့သည်။