RCSS/SSA တပ်များ ဆုတ်ခွာရန် ဖိအားပေး တိုက်ခိုက်ခံရ

RCSS/SSA တပ်များ ဆုတ်ခွာရန် ဖိအားပေး တိုက်ခိုက်ခံရ
by -
ရွှေဟင်္သာ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)အား ၄င်းတို့ တပ်စခန်း ၂ ခုမှ ဆုတ်ခွာသွားရန် အစိုးရ တပ်ဖွဲ့က ဖိအားပေး တိုက်ခိုက် နေသည်ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလောင်စိုင်းက ပြောသည်။

“ရှမ်းပြည် တောင်ပိုင်း မိုင်းတုံမြို့နယ်မှာ ရှိတဲ့ အရှေ့ အလယ်ပိုင်းတိုင်းရဲ့ အခြေချ စစ်ဗျူဟာ တခုနားပေါ့ဗျာ၊ အဲဒီနားမှာ ရှိတဲ့ မိုင်းထားမြို့နယ်ခွဲမှာ တနေရာ၊ ပြီးတော့ ဟိုမိန်မြို့နယ်ခွဲမှာ တနေရာ အဲဒီက ကျနော်တို့ စခန်း၂ ခုကို ရုပ်သိမ်းပေးဖို့ မိုင်းထား ဗျူဟာမှူးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မှာ စာဖြင့် အကြောင်းကြား ထားတယ်။ နှုတ်နဲ့လည်း ပြောလာတယ်။ ပြောပြီးတာနဲ့ နောက်နေ့ ဖေေါ်ဝါရီလ ၂၅ ရက်နေ့မှာ တပ်အင်အားနဲ့ လာပြီး စတင် တိုက်ခိုက်တော့တာပါဘဲ။” ဟု ဆိုသည်။

RCSS 01

ဖေဖော်ဝါရီက၂၅ ရက်နေ့က အစိုးရ၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၆၆ တပ်ဖွဲ့မှ ခိုလံမြို့နယ်ခွဲ ခိုအွတ် ကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး နံနက် ၁၀ နာရီခွဲ အချိန်တွင် RCSS/SSA နယ်မြေခံ တပ်ဖွဲ့နှင့် ၁၀ မိ နစ်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဆိုသည်။ ယင်းတိုက်ပွဲ၌ အစိုးရဖက်မှ (၅) ဦး ကျဆုံးခဲ့သည်ဟု RCSS ဖက်ကဆိုသည်။

အစိုးရ မိုင်းထား ဗျူဟာမှူးသည် RCSS/SSA ၏ မိုင်းထားမြို့နယ်ခွဲ၊ လွယ်မွတ်- နမ့်လန်တောင်ကျောရှိ နယ်မြေခံတပ် စခန်း နှင့် ဟိုမိန်းမြို့နယ်ခွဲ၊ လွယ်လန်း တောင်ကုန်း၌ ရှိသည့်စခန်းတို့ကို လာမည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံး ထား ပြီးဆုတ်ခွာပေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စာရေး အကြောင်းကြား ခဲ့သည်။

အခမ်းအနားတခုမှ RCSS တပ်မတော် (ဓါတ်ပုံ RCSS)

ယင်းနေရာကို ဆုတ်ခွာ ပေးခြင်း မပြုပါက တပ်အင်အားဖြင့် လာရောက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့ ဘက်မှ ပြောဆို ခဲ့သည်ဟု ဗိုုလ်မှူး ဆိုင်လောင်စိုင်းက ဆိုသည်။ ယင်းကိစ္စအပေါ် RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်မှ သမ္မတထံ လိပ်မူ၍ ထိုနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲကို အကြောင်းပြုပြီး စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

“နှစ်ဦးနှစ်ဖက် ရရှိထားတဲ့ သဘော တူညီချက်များ အတိုင်း အစိုးရဘက်မှ လိုက်နာ ဆောင်ရွက်ပေးဖို့၊ အကယ်၍တိုက်ပွဲ တွေ ဆက် ဖြစ်ပွားနေပါက ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ထိခိုက်စေတယ်။ အဲဒီ အဆိုပါတဲ့ စာတစောင်ကို ကျနော်တို့ဥက္ကဌက သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး ဒီနေ့ ပေးပို့လိုက်ပါတယ်။” ဟု ဆိုသည်။

RCSS/SSA ဘက်မှ အစိုးရ တပ်ဖွဲ့၏ ရာဇသံအတိုင်း တပ်ဆုတ်ပေးရေးကို ဆုံးဖြတ်ချက်များ မချမှတ်ရသေးကြောင်း ဆိုသည်။ RCSS/SSA သည် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က ရေရှည် အပစ်အခတ် ရပ်စဲရေး ရရှိရေးအတွက် ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

RCSS/SSA နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့က အပစ်အခတ် ရပ်စဲရေး ရရှိ ခဲ့ရာ သဘော တူညီချက်များအနက် ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းထားမြို့နယ်ခွဲတွင် RCSS ၏ ဗဟို ဌာနချုပ် ထား ရှိရန်နှင့် ဟိုမိန်းမြို့နယ်ခွဲတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဖွံ့ဖြို့ရေး အထူးဇုံ နေရာအဖြစ် ထားရှိရန် သဘောတူ ခဲ့သည်။