အသွင်ကူးပြောင်းရေးမှာ ကရင်နီကျောင်းကို အစိုးရကျောင်းနှင့် ပေါင်းစပ် ဖွင့်လှစ်နိုင်ဖို့ရှိ

အသွင်ကူးပြောင်းရေးမှာ ကရင်နီကျောင်းကို အစိုးရကျောင်းနှင့် ပေါင်းစပ် ဖွင့်လှစ်နိုင်ဖို့ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

နယ်စပ်က ကရင်နီကျောင်းတွေကို ပြည်တွင်းရှိ အစိုးရကျောင်းတွေနဲ့ ပေါင်းစပ်ဖွင့်လှစ်နိုင်ဖို့ အသွင်ကူး ပြောင်းနေတဲ့ ကာလအတောအတွင်း ပြည်နယ်အစိုးရနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP တို့ကနေ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

ဒီအစီအစဉ်ဟာ ပညာရေးစနစ်ကို လက်ရှိအနေအထားထက် ပိုမိုတိုးတက်ပြောင်းလဲလာစေရေးအတွက် ဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP မှ ပညာရေးဌာနဝန်ကြီး ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဦးအောင်ဆန်းမြင့်က "Mix School(ပေါင်းစပ်ထားတဲ့ကျောင်း) တွေပေါ့နော် Mix School ဆိုတာက ကျနော်တို့ Curriculum (သင်ရိုးညွှန်းတမ်း) ရှိမယ် သူတို့(အစိုးရကျောင်း) Curriculum တွေကို ကျနော်တို့က Integrate (ပေါင်းစပ်) ပေါ့နော် combined (ပေါင်းစပ်) လုပ်ထားတဲ့ Curriculum နဲ့ သုံးတဲ့ ကျောင်းမျိုး သူတို့(အစိုးရ)ကလည်း အသိအမှတ်ပြုတယ် ကျနော်တို့လိုချင်တဲ့ ပုံစံကိုလည်း Mix လုပ်ထားတယ် ကျောင်းပေါ့" လို့ပြောပါတယ်။

အစိုးရကျောင်းနဲ့ ပေါင်းစပ်နိုင်မည့် အနေအထားတွေရောက်ရှိလာဖို့ ပထမဆုံးခြေလမ်းအနေဖြင့် ပူးတွဲပြဌာန်းနိုင်တဲ့ ဘာသာရပ်တွေကို သင်ရိုးညွန်းတမ်းများ ရောနှောဖြည့်စွက် ထည့်သွင်းခြင်း အစီအစဉ်နဲ့ ချဉ်းကပ်သွားမယ်လို့ ဆိုပါတယ်။

"ဒီ Curriculum (သင်ရိုးညွန်းတမ်း) အသုံးပြုတော့မယ်ဆိုရင် အဲ့ဒီ Curriculum ကို သင်နိုင်မယ့် ဆရာ၊ မတွေ လိုတာကိုး။ လိုတော့ ဒါကြောင့်မလို့ ကျနော်တို့က အများကြီးပေါင်းလို့လည်း မရဘူး Changing (ပြောင်းလဲမှု) လုပ်လို့လည်းမရဘူး အဲ့တော့ နည်းနည်းလေးဘဲ Integrate (ပေါင်းစပ်မှု) လုပ်ရင်ကောင်းမလားလို့ ကျနော်တို့ပညာရေးဌာနက ဆုံးဖြတ်ချက်လေး ချလိုက်တာ" လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

သင်ရိုးညွန်းတမ်းများ ထည့်သွင်းဖြည့်စွက်ခြင်းနဲ့ ပါတ်သက်ပြီး ကရင်နီပညာရေးဌာနမှ အခြားဌာနဆိုင််ရာများ၊ ကရင်နီလူမှုအသင်းအဖွဲ့များ၊ သင်ရိုးညွန်းတမ်း ပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပူးတွဲဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သချင်္ာနဲ့ သိပ္ပံဘာသာရပ်တွေကို ရောနှောဖြည့်စွတ်ထားတဲ့ သင်ရိုးညွန်းတမ်း သစ်တွေနဲ့ အလယ်တန်း၊ အထက်တန်းနဲ့ အထက်တန်းလွန်ကျောင်းတွေမှာ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကစပြီး အသုံးပြုသွားမယ်လို့ ကရင်နီ ပညာရေးဌာန ဒု-ညွန်ကြားရေးမှူး ခူးဘူးရယ်က ပြောပါတယ်။

ပြည်တွင်းအစိုးရ အထက်တန်းကျောင်းကနေ ပြောင်းပြီး ကရင်နီပညာရေးဌာန လက်အောက်ရှိ အထက်တန်းကျောင်းမှာ လာရောက်ပညာ ဆည်းပူးတဲ့ အထက်တန်းကျောင်းသူတဦးက အခုလိုပြောပါတယ်။

"ဗမာပြည်(အစိုးရကျောင်း)မှာဆို လို့ရှိရင် ဘာသာတွေဆိုတာ ကိုယ်လိုချင်တဲ့ ဘာ ကိုယ်လိုချင်တဲ့ အတွဲတွေရှိတယ်ပေါ့နော်၊ သိပ္ပံ၊ ဘောဂ၊ ဝိဇ္ဇာ ဆိုပြီး သုံးလိုင်းခွဲထားတယ်ပေါ့နော်၊ ဒီဖက် (ကရင်နီကျောင်း)မှာ ရောက်လာတဲ့ခါကတော့ ဒီလိုမျိုးခွဲခြားထားတာ မရှိဘူးပေါ့နော်၊ အကုန်လုံးသင်တယ်။ ကိုယ်ဘာဘဲလိုချင်တယ် ရွေးချယ်ခွင့်မရှိဘူး အကုန်လုံးသင်ရတယ်ပေါ့နော်"

အင်္ဂလိပ်၊ သချင်္ာနဲ့ သိပ္ပံဘာသာရပ်တွေဟာ အထက်တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ် ဆက်တက်နိုင်ဖို့ အရေးကြီးတဲ့အတွက် အဆိုပါဘာသာရပ်တွေကို ကရင်နီကျောင်းမှာပြဌာန်းခြင်း ဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

"ကျနော်တို့ အထက်တန်းမှာ ကြည့်လိုက်တဲ့ ခါကျတော့ တကယ်တမ်း အထက်တန်း အောင်မြင်တဲ့ကလေးဟာ တက္ကသိုလ်ကို သွားရမယ်ဆိုလို့ရှိရင် အဓိက Co- Subject (အင်္ဂလိပ်၊ သချင်္ာ၊သိပ္ပံဘာ) ကို ကျနော်တို့က ဖြေကိုဖြေရမှာ တက္ကသိုလ်ဝင်ခွင့်ပေါ့နော် "

အစိုးရကျောင်းတွေနဲ့ ကရင်နီပညာရေးဌာန လက်အောက်ရှိကျောင်းတွေ ပေါင်းစပ်ဖွင့်လှစ်နိုင်ဖို့ အစီအစဉ်အပြင် ကရင်နီအမျိုးသားတွေရဲ့ကျောင်းတွေကိုလည်း ဖွင့်လှစ်နိုင်ဖို့ အစီအစဉ်တွေလဲ ရှိတယ်လို့ ဦးအောင်ဆန်းမြင့်က ယခုလိုပြောပါတယ်။

"National School (အမျိုးသားကျောင်း) ကျတော့ ကျနော်တို့ Curriculum နဲ့ ကျနော်တို့ Language (ဘာသာစကား)နဲ့ ပိုင်ပြီး သင်တဲ့ School မျိုး ယခုလက်ရှိ (နယ်စပ်မှာဖွင့်နေတဲ့) ကျောင်းမျိုးပေါ့။ နောက်အစိုးရ School အစိုးရ ကျောင်းတွေရှိမယ်။ အစိုးရကျောင်းနဲ့ ဒီ Joined School ပေါ့နော်၊ Joined School က အစိုးရကျောင်းတွေကို ဘယ်လိုကူးပြောင်းမလဲ ဆိုတဲ့ကျောင်း…"

အဲ့လိုကျောင်းတွေဖြစ်လာနိုင်ဖို့ အချိန်အခါအရ ကြာမြင့်အုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သင်ရိုးညွန်းတမ်း ပြင်ဆင်နေမှုအပေါ်မှာလည်း မူတည်နေကြောင်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

KNPP နဲ့ အစိုးရ တို့ဟာ ၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့ ပြည်နယ်အဆင့်တွေ့ဆုံပွဲမှာ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှာပြုလုပ်ပြီး KNPP မှတင်ပြထားတဲ့ အချက် ၂၀ ထဲမှ ၁၄ ချက်ကိုသဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

စစ်ရေးကိစ္စရပ်တွေနဲ့ ပါတ်သက်နေတဲ့ ကျန်အချက်တွေကို နောက်ထပ်တကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ သဘောတူထားကြပါတယ်။