မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ (ယာယီ) ကို တိုင်းနှင့် ပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့ (ယာယီ) ကို တိုင်းနှင့် ပြည်နယ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း
by -
နိရဥ္စရာ

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမား အရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး  မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအဖွဲ့ (ယာယီ) ကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း လိုက်သည်ဟု သတင်း ရရှိသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်အထိ ရန် ကုန်မြို့ ရွေဂုံတိုင်ရှိ Exile ဟိုတယ်တွင် ကျင်းပခဲ့သော နှီးနှော ဖလှယ်ပွဲတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် တောင်သူ လယ်သမား ကိုယ်စားလှယ် ကိုသန်းဌေးက နိရဥ္စရာသို့ ပြောသည်။

“တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စားလှယ် ၂ ဦးကျစီနဲ့ စုစုပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။  အဓိကတော့ တောင်သူ လယ်သမားတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်သွားဖို့ ရည်ရွယ် ဖွဲ့စည်းတာပါ” ဟု ကိုသန်းဌေးက ပြောသည်။

ဆွေးနွေးပွဲကို တိုင်းနှင့် ပြည်နယ်မှ ကိုယ်စားလှယ်များ အပါအဝင် ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း ၁၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အဖွဲ့အစည်း (ယာယီ) ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး သူက ယခုလို ဆက် ပြောသည်။

“မြန်မာ တောင်သူလယ်သမားတွေဆီက အစိုးရ အပါအဝင် ကုမ္ပဏီတွေက မလိုအပ်ဘဲနဲ့ လယ်မြေတွေကို သိမ်းယူထားတယ်။ သိမ်းယူထားတဲ့ လယ်မြေတွေမှာ အစိုးရကလည်း ဘာမှ လုပ်တာ မဟုတ်ဘဲ သိမ်းထားတော့ လယ်သမားတွေ လယ် မလုပ်ရဘဲနဲ့ လယ်ယာမြေတွေ ဆုံးရှုံးနေကြတယ်။ အဲဒီကိစ္စတွေကို ကျွန်တော်တို့က လေ့လာဆန်းစစ်ပြီးတော့ နိုင်ငံတော်အဆင့်ထိ လုပ်ဆောင်ပေးမယ်။ နောက်ပြီးတော့ ကျေးရွာတွေမှာ တောင်သူလယ်သမား အဖွဲ့ အစည်းတွေ ဖွဲ့ပေးဖို့နဲ့ မတရားသိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည် ရရှိအောင် တောင်သူလယ်သမားတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရတာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

လက်ရှိ အခြေအနေတွင် ယာယီအဖွဲ့အစည်းအနေဖြင့် တောင်သူလယ်သမားများ၏ အရေးကိစ္စများကို လုပ်ဆောင်သွားမည်ဟု  ပြောသည်။

“ယာယီဆိုတာက လာမယ့်နှစ်မှာ ပြည်နယ် တိုင်းအဆင့်ကနေ ကျေးရွာအဆင့်ထိ မဲစနစ်နဲ့ ရွေးချယ်ပြီးတော့ တောင်သူတွေကိုယ်စားလှယ်တွေကို တင်ပေးမယ်။ ဒီလို ဖြစ်ပေါ်လာနိုင်ဖို့အတွက် ကျွန်တော်တို့က ယာယီ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုတော့ခါ ဒီယာယီအဖွဲ့ကဘဲ လယ်ယာမြေကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

လက်ရှိတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်မှှုကိစ္စ မှတ်ပုံတင်ရေးကိစ္စကို အဓိက လုပ် ဆောင်ပေးသွားမည်ဟုလည်း ကိုသန်းဌေးက ပြောသည်။

Most read this week