ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်လေး ဟိုတယ်ဇုံစီမံကိန်းအတွက် ဒေသခံများ၏ လယ်ယာမြေများအား အာဏာပိုင်အဖွဲ့များက ဖျက်ဆီးနေမှုကို တားဆီးခဲ့၍ အာဏာဖီဆန်မှု ပုဒ်မ ၁၈၈ ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရားစွဲခံရသူ ရ ဦးအား သိန်း ရ၀ ဖြင့် အာမခ ံထားရကြောင်း တရားစွဲခံရသူများက ပြောသည်။
လျော်ကြေးယူထားခြင်း မရှိသော လယ်မြေနှင့် အခြား စိုက်ပျိူးမြေများအား စက်ယန္တရားများနှင့် မြေတူးမှုများ
ပြုလုပ်နေ၍ အင်ကြင်းကုန်းရွာနှင့် ကန်ဘဲ့ရွာမှ ဒေသခံများက ဖေဖော်ဝါရီ ၉ ရက်နေ့က တားဆီးခဲ့မှုဖြင့်
ညောင်ရွှေမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
“ကျနော်တို့က စက်ယန္တရားတွေရှေ့မှာ ထိုင်ပြီး တားကြတာ။ ကျနော်တို့ကို တိုက်ချင်လည်း တိုက်သွားဆိုပြီး။ တားတုန်းက လူ ၁၅၀ လောက် ပါတယ်။ ဘာလို့ ကျနော်တို့ ရ ယောက်ကိုပဲ အရေးယူတယ်တော့မသိဘူး ”ဟု အင်ကြင်းကုန်းရွာမှ လယ်ယာမြေ ၂၂ ဧက အသိမ်းခံရသည့် ကိုအောင်ကျော်မျိူး က ပြောသည်။
တရားစွဲခံနေရသော ဒေါ်ခင်ဝင်း၊ ကိုအောင်ကျော်မျိုး၊ ကိုဇော်မင်း၊ ကိုအောင်မြင့်၊ ကိုသန်းထွန်းဦး ကိုရွှေခဲနှင့် ကိုကျော်စိန် တို့မှာ လျော်ကြေးငွေ ယူထားခြင်း မရှိကြောင်း သိရသည်။
စီမံကိန်းတွင်ပါသော အင်ကြင်းကုန်း၊ ကန်ဘဲ့၊ ညောင်ဝန်း၊ ဝက်တကင်၊ ချောင်းပါးနှင့် ဘုရားဖြူရွာတို့မှ
ဒေသခံများအနက် ၈၃ ဦး၏ လယ်ယာမြေများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ထဲတွင်
လျော်ကြေးငွေများ ပေးခဲ့သော်လည်း အများစုက လက်ခံခြင်းမရှိဟု ဆိုသည်။
စပါး တဧက လေးသိန်း နှစ်သောင်းကျပ်၊ ကြံ တဧက နှစ်သိန်း နှစ်သောင်းကျပ်နှင့် နှမ်း တဧက
ခြောက်သောင်းကျပ် နှုန်းဖြင့် လျော်ပေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့က လျော်ကြေး မယူချင်ဘူး။ ကျနော်တို့ မြေမှာပဲ ပြန်စိုက်ချင်တယ်။ မနေ့က လွှတ်တော်က လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာတော့လည်း ဒီလိုပဲ တင်ပြလိုက်တယ်။ သူတို့က လွှတ်တော်မှာ တင်ပြပေးမယ်လို့ ပြောတယ်” ဟု ကိုအောင်ကျော်မျိုး က ဆိုသည်။
ပြည်နယ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အင်းလေး ဟိုတယ်ဇုန် စီမံကိန်းအတွက် မြေ ၆၂၂ ဧကအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြေတူးဖော်မှုများ ပြုလုပ်နေပြီး ၎င်းကို ဒေသခံများက အကြိမ်ကြိမ် တားဆီးခဲ့ကြသည်။
ဟိုတယ်ဇုန် ဆောင်ရွက်နေခြင်းကို နှောင့်ယှက်တားဆီးမှု မပြုလုပ်ရန် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ရှမ်းပြည်နယ် သစ်တောရေးရာ ဝန်ကြီးဌာနက တားမြစ်ခဲ့သည်။
စီမံကိန်းအတွက် လမ်းဖောက်ခြင်း၊ အကွက်ဖော်ခြင်း၊ စက်ယန္တရား ဂိုဒေါင် ဆောက်ထားခြင်းများ ရှိကြောင်း
ဒေသခံများက ပြောသည်။
ထိုစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံများက ညောင်ရွှေမြို့ လေဆိပ်မှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံံးအထိ ၂ နာရီခန့် လမ်းလျှောက် ဆန္ဒပြရန် တောင်ကြီးပြည်နယ်ရဲစခန်းတွင် စာတင်သော်လည်း နှစ်ကြိမ်တိုင်တိုင် အငြင်းခံထားရကြောင်း ကိုအောင်ကျော်မျိုး က ပြောသည်။
လယ်ယာမြေများကို ဖျက်စီးမှုဖြင့် စက်ယန္တရား တာဝန်ခံ ဦးတိုးအောင်မြင့် အား ဖေဖော်ဝါရီလ ၁၃ ရက်နေ့က
ညောင်ရွှေတရားရုံး၌ ဒေသခံများမှ ပုဒ်မ ၁၀၂ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။