အိန္ဒိယ ဗိုလ်မှူးကြီးတဦး မူးယစ်ဆေး ဒေါ်လာ ၄ သန်းခွဲဖိုးနှင့်အတူ မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ

အိန္ဒိယ ဗိုလ်မှူးကြီးတဦး မူးယစ်ဆေး ဒေါ်လာ ၄ သန်းခွဲဖိုးနှင့်အတူ မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ
by -
မဇ္စျိမ

နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ မူးယစ်ဆေး များနှင့်အတူ အိန္ဒိယတပ် ဗိုလ်မှူးကြီးတဦးအား နယ်စပ်အနီးတွင် ရဲအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယသတင်းစာ များက ရေးသားထားသည်။

မဏိပူရပြည်နယ်၊ အင်ဖာမြို့မှ မြန်မာနယ်စပ်ရှိ မိုးရေးမြို့အသွား လမ်းတွင် တနင်္ဂနွေနေ့က ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ၏ ကားထဲမှ သိမ်းဆည်းရမိသည့် အထုပ် ၃၁ ထုပ်ထဲတွင် အက်ဖီတမင်း အာနိသင်ပါ Pseudoephedrine, Respifed, Omkop, Hilcold, Polyfed နှင့် Actidin ဆေးပြားအမျိုးမျိုး ၃,၃၀၄,၄၀၀ ပြား ပါဝင်သည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မြန်မာနယ်စပ်အနီးတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများ။ (ဓါတ်ပုံ - Sangai Express)

စိတ်ကြွ ရူးသွပ်ဆေးများဖြစ်သည့် ရာမ-ရာဘ၊ ယာမ-ယာဘ ဆေးထုတ်ရန် ကုန်ကြမ်းဖြစ်သည့် အဆိုပါဆေးပြားများ ကို မြန်မာနိုင်ငံသို့ မှောင်ခိုတင်သွင်းရန် ဖြစ်ကြောင်း သတင်းစာများက ဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်၊ ပါလဲ (Pallel) ရဲစစ်ဆေးရေး ဂိတ်တွင် ဗိုလ်မှူးကြီး အဂျေးချောင်ဒရီ ၏ Government Of India စာတမ်းပါ ကား ၃ စီးအား ရဲကွန်မန်ဒို အဖွဲ့မှ ရပ်တန့်စစ်ဆေးကာ ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ ပြည်နယ် အရာရှိကြီးများ၏ အမည်များအား ထုတ်ပြောရန် ရဲတပ်ဖွဲ့က ငြင်းဆိုထားပြီး ဗိုလ်မှူးကြီးက သူနှင့်အတူပါလာသည့် အစိုးရ အရာရှိကြီးတဦး၏ တူ တော်စပ်သူမှ ယူဆောင်လာသည့် မူးယစ်ဆေးများ ၎င်း၏ ကားအတွင်း ပါလာသည်ကို မသိရှိခဲ့ကြောင်း ထွက်ဆိုသည်။

ပတ်သက်နေသည်များကို ဆက်လက် စစ်ဆေးရန် ဗိုလ်မှူးကြီးနှင့်အတူ အရပ်သား ၅ ဦးကို မတ်လ ၈ ရက်နေ့ အထိ ရဲအချုပ်တွင်ထားရှိဦးမည်ဟု သိရသည်။  

မသင်္ကာဖွယ်ရာ ဗိုလ်မှူးကြီး၏ လှုပ်ရှားမှုများကို ဒေသခံ အမျိုးသမီးအဖွဲ့များက စောင့်ကြည့်နေကြပြီး ရဲဌာနအား သတင်းပေး နှိုးဆော်ခဲ့ကြောင်း ခရိုင်ဝန် ရဲမှူးကြီးက ဆိုသည်။

အလားတူ ပြည်နယ်အဆင့် နယ်စပ် မူးယစ်ဆေးဝါးဖမ်းဆီးအဖွဲ့မှ ဖေဖော်ဝ်ရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် အင်ဖာလေဆိပ်၌ ရူးပီးငွေ ၈ သိန်းဖိုး ရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သေးသည်။

နယ်စပ်ရှိ တမူး-မိုးရေး- အင်ဖား လမ်းကြောင်းတွင် မကြာခဏဆိုသလို အိန္ဒိယနိုင်ငံ ထုတ် အက်ဖီတမင်း အာနိသင်ပါ ဆေးပြားများ ဖမ်းဆီးရမိလေ့ရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် တမူးမြို့ရှိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေမှု ကာကွယ်တားဆီး
ရေး ဌာနစိတ်သို့ မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တမူးမြို့နယ်၊ ပန်းသာ ရဲကင်းတပ်ဖွဲ့က ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၆,ဝဝဝ
ပြားစီပါ ၄ ထုပ်၊ ၁ဝ,ဝဝဝ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၁ဝ၆,ဝဝဝ ပြား၊ အလေးချိန် (၁ဝ.၆)ကီလို၊ စုစုပေါင်း တန်ဘိုးငွေကျပ်(၁၂,၇၂ဝ,ဝဝဝိ/-)အား အိန္ဒိယနိုင်ငံသား တဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာတွင် ပါရှိသည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့တွင် ဂျပ်ဖာဖြင့် ထုတ်ပိုးထားသည့် ဆူဒို အက်ဖီဒရင်း အာနိသင်ပါ အအေးမိနှာစေးပျောက် ဆေးပြား ကာလတန်ဖိုး (ကျပ်ငွေ) ၁၂၀၉.၆ သိန်း ခန့်အား သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။