ကျေးလက်တောရွာမှ အိုင်ဂျီအို ဆေးခန်းတခု ပိတ်ရတော့မည်

ကျေးလက်တောရွာမှ အိုင်ဂျီအို ဆေးခန်းတခု ပိတ်ရတော့မည်
by -
ခူပါးရယ်
လွန်ခဲ့သည့် ၁၉၉၆ ခုနှစ် တိုင်းရင်းသားဒေသများတွင် မြန်မာစစ်အစိုးရတပ်က ကျင့်သုံးခဲ့သည့် ဖြတ်လေးဖြတ်စနစ်ကြောင့် စုစည်းကျေးရွာတွင် ဖွင့်လှစ်ထားသော အဲန်ဂျီအို ဆေးပေးခန်းတခုသည် ယခုလကုန်တွင် ပိတ်ထားရမည် ...

လွန်ခဲ့သည့် ၁၉၉၆ ခုနှစ် တိုင်းရင်းသားဒေသများတွင် မြန်မာစစ်အစိုးရတပ်က ကျင့်သုံးခဲ့သည့် ဖြတ်လေးဖြတ်စနစ်ကြောင့် စုစည်းကျေးရွာတွင် ဖွင့်လှစ်ထားသော အဲန်ဂျီအို ဆေးပေးခန်းတခုသည် ယခုလကုန်တွင် ပိတ်ထားရမည် ဖြစ်သည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် နွာလဘိုးကျေးရွာတွင် တည်ရှိသော စုစည်းရွာသည် အရပ်သားပြည်သူများအတွက် အခမဲ့ ဖွင့်ထားပေးသည့် ဆေးခန်းကို အာဏာပိုင်များ၏ ကန့်သတ်မှုကြောင့် ပိတ်လိုက်ရတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဘာကြောင့် သူတို့ပိတ်ရတာလဲဆို သိတဲ့အတိုင်းပဲလေ၊ အခု စစ်အစိုးရတွေက ပြည်ပ လုပ်ငန်းဆိုင်ရာ NGO လုပ်ငန်းတို့က လွတ်လပ်မှု မပေးဘူးလေ၊ အကန့်အသတ်နဲ့ပဲ သူတို့ ခွင့်ပြုတယ်၊ အခုတော့ သူတို့ ကန့်သတ်ထားတဲ့ အချိန်တွေနဲ့ ကျရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီဆေးခန်းကို ပိတ်ရတယ်လို့ ကျနော် အဲလိုမျိုး မြင်တယ်" ဟု နွာလဘိုးကျေးရွာမှ နေထိုင်ခဲ့သူ ပေါလူက ပြောသည်။

စုစည်းကျေးရွာ၌ နေထိုင်သော ဒေသခံများသည် အကယ်၍ နာမကျန်းမှုများ ဖြစ်ခဲ့လျှင် ငွေးကြေးအခက်အခဲကြောင့် ဆေးရုံသို့ သွားရောက်မကုသနိုင်ကြဘဲ ဆေးခန်းကိုသာ မှီခိုအားကိုးနေကြရကြောင်း၊ သို့ဖြစ်၍ ဆေးခန်း ပိတ်ထားလျှင် ၎င်းတို့အတွက် မြောက်များစွာ ထိခိုက်နစ်နာစေနိုင်ကြောင်းလည်း သူက ဆိုသည်။

ပေါလူက ဆက်ပြီး "အခုလို ဆေးခန်းပိတ်တဲ့အတွက် သူတို့ကို တအားထိခိုက်တယ်၊ ဆေးရုံမှာ သူတို့သွားတက်ရင်လည်း ပိုက်ဆံမပါရင် သူတို့ မတက်နိုင်ဘူးပေါ့နော၊ ဥပမာ နင်ဆေးရုံမှာ ရောက်ရင် ပိုက်ဆံပါလား ဦးဆုံး အဲလိုမျိုး မေးတယ်လေ၊" ဟု ပြောသည်။

ပိတ်ထားခံရတော့မည့် ယင်းဆေးခန်းသည် ဒေသခံပြည်သူများအား အကယ်၍ ဖျားနာပြီး ဆေးခန်းသို့ ဆေးဝါးပစ္စည်းများ လာရောက်ယူသုံးဆောင်ကြသော်လည်း မသက်သာပါက ထိုဆေးခန်းမှတဆင့် ဆေးရုံသို့ သွားရောက်ကုသခံယူရန် တာဝန်ယူ၍ ငွေကျပ် (၂၀၀၀၀) ပေးကာ လမ်းတဝက်အထိ ကူညီလိုက်ပို့ပေးလေ့ရှိသည်ဟု ဆိုသည်။

ဆေးခန်းသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် ပြင်သစ်လူသား စာနာထောက်ထားရေး အဖွဲ့အစည်းမှ MSF ကူညီထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကျေးလက်တောရွာများမှ ဇွတ်အတင်း ရွှေ့ပြောင်းလာခြင်း ခံရသော ပြည်သူလူထုများကို ကူညီရန် ရည်မှန်းချက်ဖြင့် အခမဲ့ ဖွင့်လှစ်ထားပေးခြင်း ဖြစ်သည်။

၁၉၉၆၊ ၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် အရပ်သား ပြည်သူများသည် ၎င်းတို့ နေထိုင်သည့် မူရင်းကျေးရွာများမှ   အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံခဲ့ရပြီး စုစည်းကျေးရွာသို့  ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုအပြင် နွားလဘိုးကျေးရွာရှိ ပြောင်းရွှေ့စုစည်းရွာများသည် များသောအားဖြင့် ပွန်ချောင်းနှင့် သံလွင်ချောင်း အကြားမှ ကျေးရွာများ ဖြစ်ကြသည်။