အမေရိကန်တွင် ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မီတီ ဖွဲ့စည်း

အမေရိကန်တွင် ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မီတီ ဖွဲ့စည်း
by -
နိရဥ္စရာ

အမေရိကန်နိုင်ငံတွင်  ရခိုင်အမျိုးသား ကွန်ဖရင့် တစ်ခု ကျင်းပနိုင်ရေး အတွက် ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မီတီ တစ်ခုကို ရခိုင် အမျိုးသားများက ဖွဲ့စည်းလိုက်ကြပြီ ဖြစ်သည်။

၎င်းကွန်ဖရင့်ဖြစ်မြောက်ရေး ကော်မီတီကို အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဒီမွိုင်းမြို့၊ လင်ကွန်း ခန်းမ၌ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်းကြောင်း သိရသည်။

Arakanese-conference-org-meeting-USA

ကွန်ဖရင့်ဖြစ်မြောက်ရေး ကော်မီတီတွင် အဖွဲ့ဝင် ၁၅ ဦး ပါ၀င်သည်။

ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မီတီ ဖွဲ့စည်းရခြင်းမှာ အမေရိကန်နိုင်ငံတွင်  ရခိုင်အမျိုးသား ညီလာခံတခု ဖြစ် ပေါ်လာရေး အတွက် ရည်ရွယ်၍  ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကော်မီတီ ပြောခွင့်ရသူ ကိုဦး သိန်းမောင်က နိရဥ္စရာသို့ ပြောသည်။

“ကော်မီတီ ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံမှာ ရခိုင်အမျိုးသား ညီလာခံတခု ဖြစ် ပေါ်လာရေးပါ။ အမေရိကန်နိုင်ငံက ပြည်နယ် State အသီးသီးမှာရောက်နေကြတဲ့ ရခိုင်တွေ အားလုံး (သို့) အများစု ပါ၀င်လာနိုင်တဲ့ ရခိုင်ညီလာခံတရပ်ကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားနိုင်ရေးအတွက် လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှု တွေ၊ ဆော်သြမှုတွေ လုပ်ဖို့အတွက် ညီလာခံဖြစ်မြောက်ရေး ကော်မီတီတရပ်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။”

ရခိုင်အမျိုးသား ကွန်ဖရင့် (အမေရိက) ကျင်းပနိုင်ရေးအတွက် ကွန်ဖရင့်ဖြစ်မြောက်ရေး ကော်မီတီမှ လုပ် ဆောင်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ ကိုဦးသိန်းမောင်က ယခုကဲ့သို့ ရှင်းပြသည်။

“ကော်မီတီအနေနဲ့ ရံပုံငွေ ရှာဖွေရေးတွေကို လုပ်သွားမယ်။ တခြား State တွေက ရခိုင်တွေနဲ့ ကျွန်တော်တို့ ကော်မီတီအဖွဲ့ ၀င်တွေ ကျဲကျဲကနေ စိတ်စိတ်၊ စိတ်စိတ်ကနေ ကျွန်တော်တို့နဲ့ ပူးပေါင်း ပါ၀င်ဆောင်ရွက်လာ အောင် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုုသည်။

ရခိုင်အမျိုးသားကွန်ဖရင့် (အမေရိက) ကို လာမည့် ၆ လအတွင်းတွင် ခေါ်ယူကျင်းပသွားမည်ြ့ဖစ်ပြီး ကျင်းပမည့် ရက်၊ လ၊ အချိန်နှင့် အသေးစိတ် အကြောင်းအရာများကို  ကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီမှ များမကြာမှီ ထုတ်ပြန်ကြေ ငြာသွားမည်ဖြစ်သည်။

ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေးအစည်းအဝေးကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးဦးသိန်းမောင်မှ ဆောင်ရွက်ပြီး သဘာပတိများအဖြစ် ဦးထွန်းရွှေ၊ ဦးထွန်းသာနှင့် ဦးစံသာအောင်တို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်ကိုယ်စားလှယ်  ၁၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံတွင် ပြည်နယ်အသီးသီးတွင် ရောက်ရှိနေသော ရခိုင်သူ/သား စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါး ရှိသည်ဟု သိရသည်။

Most read this week