ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗန်းရွန်းရာဒ် (Bumrungrad) ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေသည့် မွန်ပြည်သစ် ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စမှာ ကုသမှု ရက် ၂၀ နီးပါး ကြာလာခဲ့ပြီးနောက် တိုးတက်မှု ရှိလာကြောင်း ပါတီ၏ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ မွန်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။
ကုထုံး ကုသမှု ၁၀ ကြိမ်ကျော် ပြုလုပ်ခဲ့ပြီးနောက် ဆေး၏ ဘေးထွက် အကျိုးဆက်များ ခံစားရလျက် နွမ်းလျနေကြောင်းလည်း ဆိုသည်။
“ကုသမှု တပတ်ကို ငါးရက် လုပ်ရတယ်။ ကျန် နှစ်ရက် နားတယ်။ အခု ကုသမှု စုစုပေါင်း ၁၄ ကြိမ် လုပ်ပြီးပြီ။ အကြိမ် ၂၀ ကျော် ကုသမှု လုပ်ပြီးရင် ဒီရောဂါရဲ့ အခြေအနေကို ပိုမို အသိပေးနိုင်မှာပါ” ဟု ၎င်းပါတီ
နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) က မဇ္စျိမကို ပြောသည်။
ယခု ကုသမှုခံယူနေရသည့် ရောဂါအမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။ သို့သော် နိုင်ရော့စတွင် အစာအိမ် (အူ) လမ်းကြောင်း ရောဂါအပြင် နှလုံး သွေးကြောကျဉ်း ရောဂါ၊ သည်းခြေ ကျောက်တည်ရောဂါ နှင့် အသည်း နှင့်ဆိုင်သည့် ရောဂါများလည်း ရှိကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်အရ လည်ချောင်းအောက် ရင်ခေါင်း အလယ်တည့်တည့်နှင့် အစာအိမ် (အူ) လမ်းကြောင်း နာကျင်မှုကြောင့် ဝေဒနာ ခံစားခဲ့ရကာ အစာ စားသောက် နိုင်ခြင်း မရှိခဲ့၍ ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခု ရောဂါအခြေအနေ တိုးတက် ကောင်းမွန်လာနေသော်လည်း ရေရှည် ဆက်လက် ကုသသွားရမည်
ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
နိုင်ရော့စသည် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ကာ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် အမြဲ ပါဝင်ရသူ တဦးလည်း ဖြစ်သည်။ ထို့အပြင် မင်္ဂလာဒုံ တပ်မတော် စစ်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က ကမ်းလှမ်းခဲ့သော်လည်း မသွားရောက်ဖြစ်ခဲ့ပေ။
ယခုကဲ့သို့ ဘန်ကောက်မြို့သို့ လာရောက်၍ ဆေးကုသမှု ခံယူနိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံကူးလက်မှတ်
နှင့် ပြည်ဝင်ခွင့် ဗီဇာ ရရှိရန် အစိုးရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း ကလည်း ကူညီ လုပ်ဆောင်ပေးခဲ့ကြောင်း နိုင်ဟံသာ (ဗိုန်ခိုင်) က ဆိုသည်။
နိုင်ရော့စမှာ သင်္ကန်းကျွန်း (စံပြ) ဆေးရုံတွင် ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်၍ တက်ရောက် ကုသမှု ခံယူခဲ့ ရာမှ ဆေးရုံ ဆရာဝန်ကြီး၏ အကြံပေးချက်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ဘန်ကောက်သို့ လာရောက် ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။ မိသားစုဝင်နှင့် ဇနီး ဖြစ်သူတို့က အနီးကပ် လာရောက်စောင့်ရှောက် ပေးလျက်ရှိသည်။
အသက် ၆၇ နှစ် ရှိပြီ ဖြစ်သည့် နိုင်ရော့စသည် ရန်ကုန် စီးပွာရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် (၁၉၇၁ ခုနှစ်) တွင် မွန်ပြည်သစ် ပါတီသို့ စတင် ဝင်ရောက်ခဲ့သည်။
စာပေနှင့် ဂီတကို မြတ်နိုးသည့် နိုင်ရော့စမှာ ဟာသဉာဏ်ရွှင်ပြီး ရဲဘော်များအား တန်းတူ ဆက်ဆံတတ်ခြင်း၊ စိတ်နေ သဘောထား ပျော့ပျောင်းခြင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှု ပေးနိုင်ခြင်း စသည်တို့ကြောင့် ပါတီဝင် များ၏ လေးစား ချစ်ခင်မှုကို ခံရသည့် ခေါင်းဆောင်တဦး ဖြစ်သည်ဟုလည်း မွန်ပြည်သစ် ပါတီဝင်များက
ပြောသည်။