မြစ်နားရွာ ဆရာတော်ကြီး စျာပန သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

မြစ်နားရွာ ဆရာတော်ကြီး စျာပန သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်  နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ၏ စျာပနပွဲတော်ကို မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရခိုင်တွင် ကျင်းပနေသော ဘုန်းတော်ကြီး ပျံပွဲ (ဒုံးပွဲ) တစ်ခု၏ မြင်ကွင်း။

စျာပနပွဲတော် ကျင်းပရေး နေ့ရက်ကို ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း  ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မီတီ အတွင်းရေးမှူး ကိုမောင်တင်အောင်က ပြောသည်။

“ကျွန်တော်တို့ စျာပန ပွဲတော်ကို သုံးရက်တိုုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ မတ်လ ၂၇-၂၈- ၂၉ ဖြစ်ပါတယ်။ နေ့ခင်းပွဲတွေဘဲ ပြုလုပ်မှာ ဖြစ်ပြီး ညပွဲကတော့ ပါ၀င်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိသည် ဘင်္ဂလာဒေချ့်နိုင်ငံရှိ ဗုဒ္ဓဘာသာ ရဟန်းတော််များထဲတွင် သက်တော် ၀ါတော် အကြီးဆုံး ရဟန်းတော်် တစ်ပါး ဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ဘာသာ သာသနာ အကျိုးကို ရွပ်ရွပ်ချွန်ချွန်  သယ်ပိုးခဲ့သော ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။

ဆရာတော်ကြီး စျာပနကို ဒေသခံ ပြည်သူများက ရခိုင်ရိုးရာ ဓလေ့ထုံးတန်းစိုင်လာနှင့် အညီ ဒုံးတိုက်ပြီး ကျင်းပရန် အထူး လိုလားကြရာမှ ပွဲတော်ကို ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

စျာပနပွဲတော် ဖြစ်မြောက်ရေး ကော်မီတီ တစ်ခုကိုလည်း ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်းနှင့် စျာပန ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌမှာ အရှင် မေဓသာရ ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုမောင်တင်အောင်၊ တွဲဘက် အတွင်းရးမှူးမှာ ဦးသိန်းစိုးအောင်နှင့် ဘဏ္ဍာရေးမှူး ဦးစံအောင်ကျော်တို့ ဖြစ်ကြသည်။

ဆရာတော်ကြီးသည် ယခု လ ၂၁ ရက်နေ့ နံနက်ပိုင်းက သီတင်းသုံရာ မြစ်နားရွာ ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော် မူသွားပြီး ပျံလွန်ချိန်တွင် သက်တော် ၈၆ နှစ် ၀ါတော် ၆၆ ၀ါ ရှိပြီ ဖြစ်သည်။

စျာပန ပွဲတော်တွင် မြေစိုက်၊ စံကျောင်း၊ စံရှိန်၊ ကတလားများ ဆင်ယင် ပြုလုပ်ပြီး နောက်ဆုံး ရုပ်ကလာပ်တော်ကို အပူဇော်ခံကာ နောက်ဆုံး ဒုံးတိုက် မီးသဂြိင်္ုလ်သွားမည်ဟု သိရသည်။

ရခိုင်တွင် ကျင်းပ ပြုလုပ်သော ဘုန်းတော်ကြီး စျာပနပွဲတော်ကို ဒေသခံများက  ဒုံးပွဲဟု ခေါ်ဆိုကြပြီး အထူးငွေကြေး အကုန်အကျခံကာ ကျင်းပ ပြုလုပ်ကြရသဖြင့် “ဘုန်းကြီးမှာပွဲ၊ လူမှာမွဲ” ဟု တင်စား ပြောဆိုလေ့ရှိကြသည်။

Most read this week